မိန်းကလေးတစ်ဦးကို မွေးစားမယ်လို့ပြောပြီး အိမ်အကူအဖြစ်ခိုင်းကာ ညှင်းပန်းနှိပ်စက်တဲ့မြောက်ဒဂုံက
မိသားစုကို လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေနဲ့ အရေးယူလိုက်တယ်လို့ သိရပါတယ်။
မြောက်ဒဂုံ မြို့နယ် (၄၁)တိုးချဲ့ရပ်ကွက်နေ ဒေါ်အေးအေးဝင်းဟာ တောင်ဒဂုံမြို့နယ် လေးထောင့်ကန်ကျေးရွာနေ
အသက် ၁၆ နှစ်အရွယ် မသန်းသန်းအိကို မွေးစားမယ်၊ သီလရှင်ဝတ်ပေးမယ်လို့ အုပ်ထိန်းသူဖခင်ဖြစ်သူကိုပြောပြီး ၂၀၁၃၊ ဧပြီလက
ခေါ်သွားခဲ့တာ ဖြစ်ပါတယ်။
နေအိမ်ကို ရောက်ရှိချိန်ကစပြီး အလုပ်ခိုင်းလို့ အဆင်မပြေတဲ့အခါတိုင်း ဒေါ်အေးအေးဝင်းဟာ
သံကြိုးသံယောက်မတို့နဲ့ ရိုက်နှက်ခြင်း၊ ယာလက်သန်းကို ပလာယာနဲ့ ဆွဲဆုတ်ခြင်း၊ ရေနွေးပူနဲ့လောင်းခြင်းတွေ ပြုလုပ်ခဲ့ကြောင်း
စစ်ဆေးပေါ်ပေါက်ထားတယ်လို့ မြောက်ဒဂုံရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောထားပါတယ်။
နှိပ်စက်တိုင်းလည်း သမီးတွေ၊ သားတွေက ဘေးကချုပ်ပေးတာတွေ၊ သားတွေသမက်တွေက လက်သီးနဲ့ထိုးတာတွေ လုပ်တယ်လို့ သိရပါတယ်။
၂၀၁၅ ခုနှစ်က အဆိုပါအမှုကို ရာဇသတ်ကြီးပုဒ်မ ၄ခုနဲ့ တရားစွဲဆိုတင်ပို့ထားတာဖြစ်ပြီး အခုအခါမှာ
လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေနဲ့ပါ ထပ်မံအရေးယူလိုက်တာ ဖြစ်ပါတယ်။
Photos & Source: 7Day Daily, Yangon Police
