စပယ်ယာများအလုပ်လက်မဲ့ဖြစ်မည်မဟုတ်ဟု ယာဉ်လိုင်းကုမ္ပဏီများပြော

ရန်ကုန်၊ဇူလိုင်(၁၉)၂၀၁၇


ဇူလိုင်လ (၂၀) ရက်နေ့ နောက်ဆုံး ထားပြီး YBS ယာဉ်လိုင်များအားလုံး၌စပယ်ယာ ထားရတော့မည်မဟုတ်ဘဲခရီးသည်ကိုယ်တိုင်ပိုက်ဆံပုံးထဲသို့ယဉ်စီးခထည့်သွင်းရသည့်စနစ်ကိုကျင့်သုံးရမည် ဖြစ်သောကြောင့် စပယ်ယာများ အလုပ်လက်မဲ့ ဖြစ်မည်ကို မစိုးရိမ်ရန် ယာဉ်လိုင်းကုမ္ပဏီ များကပြောသည်။
YBS ယာဉ်လိုင်းများတွင် စပယ်ယာစနစ်ကို အပြီး ဖျက်သိမ်းရမည်ဖြစ်၍လက်ရှိတွင်စပယ်ယာများအနေဖြင့် အလုပ်လက်မဲ့ ဖြစ်မည်ကို စိုးရိမ်သောကြောင့် စပယ်ယာစနစ်ဆက်လက်ထားပေးရန်အတွက်ဆန္ဒထုတ်ဖော် သွားမည် ဖြစ်ကြောင်းသတင်းများ ထွက်ပေါ်နေသည်။
“စပယ်ယာတွေအလုပ်လက်မဲ့တော့မဖြစ်
ပါဘူး။အခြားနေရာတွေမှာ အလုပ်ပြန် ပေးလို့ရပါတယ်။ ယာဉ်လိုင်းမှာ workshop ဌာနတို့၊ကားမောင်းတတ်ရင်ကားမောင်းနည်း အတတ်ပညာကိုလုပ်ကိုင် စားသောက်လို့ ရတဲ့အထိသင်ပေးမယ်။ အများကြီးလုပ်လို့ ရပါတယ်။တချို့ကားတွေမှာ တံခါးပြတင်း ပေါက်တွေကိုဖွင့်ပေးဖို့ယာဉ်အကူတစ်ယောက်လိုတယ်။ ကျွန်တော်တို့ကစပယ်ယာတွေကိုဝန်ဆောင်မှုပေးတဲ့ ဝန်ထမ်းတွေ နေရာမှာ ပြောင်းလဲခန့်ဖို့ လိုပါတယ်”ဟု power Eleven အများပိုင်းကုမ္ပဏီတည်ထောင်သူ ကိုတရုတ်လေးကပြောသည်။

YBS ယာဉ်လိုင်းများတွင် စပယ်ယာစနစ်ကို ပယ်ဖျက်မည်ဖြစ်သော်လည်း ခရီးသည်အား ဝန်ဆောင်မှုပေးမည့် ယာဉ်ကြီးကြပ်တစ်ဦး ထားရှိပြီးပြေးဆွဲခွင့်ပြုရန် တိုင်းအစိုးရကို ယာဉ်လိုင်းပိုင်ရှင်အချို့ကတင်ပြထားကြောင်း လည်းသိရသည်။
“စပယ်ယာဆိုတာပျောက်မယ်။ယာဉ်ကြီးကြပ် ဆိုတာပေါ်လာမယ်။ပိုက်ဆံမတောင်းရ အမိန့်တွေ၊ဥပဒေတွေထုတ်ရမှာပဲ။ပိုက်ဆံ
ကိုင်ရင်ကျွန်တော်တို့ကထုတ်ပစ်ရမှာပဲ”ဟု ခေတ်သစ်ငြိမ်းချမ်းရေးယာဉ်လိုင်းမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးမောင်စံကပြောသည်။
စပယ်ယာများအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းအတွက် ပူပန်စရာမလိုအပ်ဘဲ ယာဉ်လိုင်းကုမ္ပဏီများတွင် အလုပ်အကိုင် များစွာလိုအပ်လျှက်ရှိကြောင်း၊သို့သော်လည်း စပယ်ယာများကဲ့သို့ ရာနှုန်းစနစ်ဖြင့် လုပ်ကိုင်ရမည်မဟုတ်ဘဲဝန်ထမ်းစည်းမျဉ်းများ အတိုင်းလုပ်ကိုင်ရမည်ဖြစ်ပြီး တစ်ဦးလျှင် ကျပ်နှစ်သိန်းမှစ၍ သုံးသိန်းကျပ်အထိလုပ်ခ လစာပေးသွားမည်ဖြစ်ကြောင်းလည်း စံဝေလအများနှင့်သက်ဆိုင်သောယာဉ်လိုင်းမှ မန်နေးဂျင်းဒါရိုက်တာ ဦးစံဝေလကဆိုသည်။
လက်ရှိ YBS စနစ်တွင် လုပ်ကိုင်နေသော စပယ်ယာများသည်တစ်နေ့လျှင် ကျပ် တစ်သောင်းမှ နှစ်သောင်းကျပ်အထိရရှိနေ ကြောင်းသိရသည်။
ဇူလိုင်လ (၁၉)ရက် ယနေ့အထိ ပြေးဆွဲနေသော YBS ယာဉ်လိုင်းတချို့တွင် စပယ်ယာထားရှိသည့်စနစ်ကိုကျင့်သုံးလျှက်ရှိသည်ကိုတွေ့ရသည်။
ဇူလိုင်လ(၂၁)ရက်နေ့မှစ၍ YBS ယာဉ်လိုင်းများတွင်စပယ်ယာထားရှိပြီး ယာဉ်လိုင်း ပြေးဆွဲပါက ပြေးဆွဲသည့် ယာဉ်လိုင်းကို ပိတ်သိမ်းသည့် အထိ အရေးယူသွားမည်ဖြစ်ကြောင်းသိရသည်။

Credit The Nyang News
Previous
Next Post »