ကျွန်ုပ်နှင့်ကိုတောကျော်
***************
Written by: Thiha Naing
==================================
ကိုတောကျော်ရောက်ရှိလာခြင်း
——————————-
တစ်ခုသောမိုးရာသီ၏မိုးဖွဲကလေးများကျနေသော
နေ့တစ်နေ့တွင် ကျနော်သည်အလုပ်အားလပ်သော
နေ့ဖြစ်သည့်အားလျော်စွာ..အိမ်အောက်ထပ်ဧည့်ခန်း
တွင်ထိုင်၍ စာတစ်အုပ်ကိုဖတ်ရှုနေခိုက်..
အိမ်ရှေ့တွင်ဆိုက်ကားတစ်စီးထိုးရပ်လိုက်သည်ကို
မြင်ရပြီးလျင် ဆိုက်ကားပေါ်မှ မိတ်ဆွေကြီး
ကိုတောကျော်သည် ၄င်းလွယ်နေကျပလိုင်းကြီးကို
လွယ်လျက် ဆင်းလာသည်ကိုတွေ့ရလေ၏..။
“ဟား…ကိုတောကျော်ကြီး..လာဗျို့..ထိုင်”
ကိုတောကျော်သည်ပလိုင်းကြီးကိုဘေးတွင်ချ၍
ကျနော့်ဘေးဆက်တီတွက်ဝင်ထိုင်လိုက်လေ၏..
“ကဲ…ကိုတောကျော်..ဘယ်လိုလဲ..ခုတစ်ခေါက်
ရော..ပစ္စည်းတွေတော်တော်များများပါလာသေး
လား??”
“အင်း…ပါတယ်ဆရာလေးရေ..အဲ့ဒီထဲမှာကို
ထူးခြားတဲ့ရှေးဟောင်းရုပ်ထုတစ်ခုပါ ပါလာသေး
တယ်ဗျ”
“ဗျာ….ရုပ်ထု..ဟုတ်လား..ဘာရုပ်ထုလဲဗျ??”
ကိုတောကျော်သည်အဖြေမပေးပဲ ပလိုင်းကြီးထဲမှ
တစ်စုံတစ်ခုကိုထုတ်ယူလိုက်ပြီးလျင် ရှေ့မှစားပွဲပေါ်
တင်လိုက်ပြီးနောက် အထပ်ထပ်ရစ်ပတ်ထားသော
အဝတ်စများကိုသာ တစ်ဆင့်ချင်းဖြည်နေလေရာ..
မိမိမှာ…….
“ဘာအရုပ်များပေါ်လာမှာပါလိမ့်မလဲ”..ဟု စိတ်စော
စွာသာ ကြည့်နေမိပါတော့၏..။
ပေါ်လာပါချေပြီ……
“ဟာ…ကိုတောကျော်..ခင်ဗျားဟာ ဘီလူးရုပ်ထုပါလားဗျ..”
“ဟုတ်တယ်ဆရာလေး..”
ရုပ်ထုကလေးသည်..အမြင့်တစ်တောင်ခန့်ရှိပြီး
ဘီလူးတစ်ကောင် တင်းပုတ်ကိုထမ်း၍ မတ်မတ်ရပ်
နေဟန်ဖြစ်လေသည်..။
“ဒါကို..ဘယ်ကနေ..ဘယ်လိုရလာတယ်ဆိုတာ
ပြောပြစမ်းပါဦး”
“ဒီလိုဆရာလေးရေ..ဟိုးတစ်ခါ ဆရာလေးကိုကျုပ်
ပြောဖူးတယ်မို့လား..တစ်ပတ်ဆယ်ရက်လောက်
ညအိပ်ညနေသစ်ခွသွားရှာမယ်ဆိုတာလေ..အဲ့ဒါ
ကျုပ်တို့သားအဖနှစ်ယောက်..ဟိုး…ရှမ်းပြည်နယ်
ပင်းတယဘက်ကတောနက်ထဲမှာ သစ်ခွသွားရှာကြရင်းနဲ့ ကျုပ်တို့စခန်းချရာနေရာ
အနီးက မြေကြီးထဲကနေ
တစ်ပိုင်းတစ်စပေါ်နေတာတွေ့လို့ တူးကြည့်တော့
ဒီအရုပ်လေးတွေ့လို့ယူလာခဲ့တာပဲဗျ”
“ဪ…..”
ရုပ်ထုလေးကိုသေချာစွာကျနော်ကိုင်တွယ်ကြည့်သည်..မျက်လုံးပြူးပြူး..အစွယ်ငေါငေါနှင့်
ဘီလူးရုပ်က ထုဆစ်ထားသည်မှာ လက်ရာမြောက်
အသက်ဝင်လှသောကြောင့် ကြည့်နေရင်းမှပင်
စိတ်ထဲတွင်သရိုးသရီနှင့် မသိုးမသန့်ခံစားရပြီး
ရှေ့တည့်တည့်မှ မျက်နှာချင်းဆိုင်၍ ကြည့်မိသော
အခါတွင်ကား ကျောရိုးတစ်လျှောက်စိမ့်အေးဆင်း
သွားကာ ကြက်သီးများပင်ထမိလေ၏..။
အလေးချိန်မှာ အတန်ပင်စီးသောကြောင့် ခဲချွန်ဓားကလေးနှင့် အောက်ခြေတွင် အနည်းငယ်
ခြစ်ကြည့်သောအခါ အတွင်းမှသတ္ထုသားပေါ်လာ
လေရာ…
(ငွေ..သံ..ကြေး..ကြေးနီ..ဘော်..)ဟူသောပဉ္စလော
ဟာခေါ်သတ္ထုငါးမျိုးနှင့် သွန်းလုပ်ထားဟန်ရှိလေ၏
ရင်ဘတ်ပေါ်တွင် ကျနော်မသိသောအက္ခရာများဖြင့်
အင်းကွက်ပုံသဏ္ဍာန် တစ်ခုထွင်းထုပါရှိပြီး
မြေကြီးထဲတွင် နစ်မျြုပ်နေသည်မှာ်နှစ်ပရိစ္ဆေဒ ကြာညောင်းလှပြီဖြစ်ခြင်း
ကို မည်းညစ်ညစ်သတ္ထုအညှိများတက်နေခြင်းက
သက်သေခံနေလေသည်…
“ကိုတောကျော်ရေ…ဘီလူးရုပ်ထုက လက်ရာ
မြောက်အသက်ဝင်လွန်းတော့ ကျုပ်ဖြင့် ကြည့်
နေရင်းနဲ့တောင် စိတ်ထဲမှာခြောက်ခြားလာသလို
ပဲဗျာ..ဒါနဲ့…အခုခင်ဗျား ဒီရုပ်ထုလေးကိုဘယ်
လိုလုပ်မယ်စိတ်ကူးထားတာလဲ??”
“အင်း…နေပြည်တော်ဝန်ထမ်းထဲမှာ ကိုသူရဆိုတဲ့အရာရှိတစ်ယောက် ရှိတယ်ဗျ..သူက
ရှေးဟောင်းပစ္စည်းစုဆောင်းတာသိပ်ဝါသနာကြီး
တယ်..အခုသူ့ကိုပြကြည့်မလို့”
“ဪ…ဪ..ဟုတ်ပါပြီဗျာ..”
ဤသို့နှင့်ပင်ကိုတောကျော်သည် ရေချိုး..နေ့လည်
စာထမင်းစားပြီးနောက် သူ့ပလိုင်းကြီးကိုကောက်
လွယ်ကာ သူ့အဆက်အသွယ်များထံသို့ ထွက်သွား
လိုက်သည်မှာ ညနေစောင်းမှပင် အိမ်သို့ပြန်
ရောက်လာလေတော့၏..
“ဘယ်လိုလဲကိုတောကျော်..ရုပ်ထုကလေးကို
ကိုသူရဆိုတဲ့လူ ယူထားလိုက်သလားဗျ”
“သူ…ထိုက်ထိုက်တန်တန်ပေးပြီးယူထားလိုက်
တယ်ဆရာလေးရေ…နောက်နောင်တောထဲကနေ
ဒီလိုအထူးအဆန်းပစ္စည်းလေးတွေရလာရင်လဲ
သူ့ဆီလာပို့ဖို့မှာလိုက်သေးတယ်”
“ဪ…ကောင်းပါလေ့ဗျာ”
သို့နှင့်ကိုတောကျော်သည် ထိုနေ့ညအိမ်တွင်ပင်
ညအိပ်ကာ နောက်တစ်နေ့မနက်စောစောတွင်
ပျဉ်းမနားဈေးကြီးထဲမှ အိမ်အတွက်လိုအပ်သော
ပစ္စည်းကလေးများဝယ်ခြမ်းကာ ရွာသို့ပြန်သွားလေ
တော့၏…။
================================
ကိုသူရရောက်လာပြီ
——————–
ကိုတောကျော်ပြန်သွားပြီးနောက် ကျနော်သည်
လည်း အပြောင်းအလဲမရှိသော နေ့စဉ်လူမှုကိစ္စ
ဘဝအမောများကြားတွင် ကျင်လည်လှုပ်ရှားရင်း
နှင့်ပင် အချိန်တစ်လခန့်ကြာသွားလေပြီ..
ထိုသို့တစ်လခန့်ကြာသွားပြီးနောက် တစ်ညနေ ကျနော်အိမ်တွင်ရှိနေခိုက် အိမ်ရှေ့သို့ ကားတစ်စီး
ထိုးဆိုက်လာပြီးနောက် ကားပေါ်မှ အသားညိုညို
ခပ်ဖိုင့်ဖိုင့် လူလတ်ပိုင်းတစ်ယောက်ဆင်းလာပြီး
လျင် အိမ်ထဲသို့ဝင်လာလေ၏..။
“ကိုရဲနိုင်တို့အိမ်လားဗျ??”
“ဟုတ်ပါတယ်ဗျာ..ကျနော်ရဲနိုင်ပါပဲ..ဘာကိစ္စများ
ရှိလို့လဲဗျ??”
“ဪ…ကိုရဲနိုင်..ကျနော်သူရပါ..ကိုတောကျော်
ရဲ့မိတ်ဆွေ”
ကျနော်အပြေးအလွှားစဉ်းစားလိုက်မိသည်..
ဪ…ဟုတ်ပြီ..သတိရပြီ..ကိုတောကျော်ပြော
ဖူးသည့် ဘီလူးရုပ်ထုလေးယူထားလိုက်သည်..ဆို
သည့်လူ…
“ဪ…ကိုသူရ..မှတ်မိပြီဗျ..လာ..ထိုင်..ကျနော့်
အိမ် ဘယ်လိုသိလဲဗျ”
“ကိုတောကျော်ပျဉ်းမနားလာတိုင်း ဒီအိမ်မှာတည်း
တယ်..နာမည်ဘယ်သူ..ဆိုတာပြောဖူးတာနဲ့
ကျနော်လဲ အရေးအကြောင်းကြုံပြီဆိုတော့ ဟိုမေးဒီမြန်းနဲ့ ရောက်အောင်လာခဲ့ရတာပဲဗျို့”
“ဪ…ဟုတ်ပါပြီဗျာ..ကဲ..လာရင်းကိစ္စလေး
ပြောပါဦး..ကျနော်ဘာကူညီရမလဲ??”
“အင်း…ကိုရဲနိုင်ရေ..ပြောစရာတွေကများတယ်..
ဟိုဘီလူးရုပ်ထုကလေးနဲ့ပတ်သက်တယ်”
“ဗျာ……………”
“ကဲဗျာ…ကိုရဲနိုင်..အခုအားတယ်မဟုတ်လား..
လာပါ..ကျနော်ပြုစုပါ့မယ်..စားသောက်ဆိုင်တစ်ခုခုသွားရအောင်ပါ..ပြောစရာတွေလဲများလို့..
မိတ်ဖြစ်ဆွေဖြစ်ပေါ့..”
သို့နှင့်…..ကျနော်လည်း ရေချိုး..အဝတ်အစားလဲ
ကာ ကိုသူရကားဖြင့်ပင် အပြင်သို့ထွက်လိုက်လာခဲ့
ရလေတော့၏..။
==================================
“ကဲ…ကိုရဲနိုင်..ဘာစားမလဲ??..ဘာသောက်မလဲ??
မှာဗျာ..”
ပျဉ်းမနားမြို့..ဗိုလ်ချုပ်လမ်းပေါ်မှ ရှင်ငြိမ်း..မြန်မာ
ထမင်းဆိုင်တွင်ဖြစ်လေသည်..
“လုပ်ပါဗျာ…ကိုသူရအဆင်ပြေတာသာမှာပါ..
ကျနော်ကတော့ စားဖို့ထက် ခင်ဗျားပြောမယ့်အ
ကြောင်းအရာကိုပဲ ပိုပြီး စိတ်ဝင်စားနေတယ်”
“အင်း…ပြောစရာတွေရှိတယ်ဗျာ..ပြီးတော့..ကိုရဲနိုင်ကိုလဲ အကူအညီတောင်းစရာရှိတယ်..ဟုတ်ပြီ..
ဒါဆိုကျနော်ပဲအဆင်ပြေတာမှာလိုက်မယ်..ကိုရဲနိုင်
ဘာသောက်ဦးမလဲ”
“ရပြီကိုသူရ…ကျနော်မသောက်တတ်ဘူး”
“အိုကေ..ကောင်းတယ်..ကျနော်တော့ နည်း
နည်းလေးသောက်မယ်နော်..ခွင့်ပြုပါဗျာ”
“လုပ်ပါဗျ…ရပါတယ်”
ဤသို့နှင့်ပင် မှာထားသောစားသောက်ဖွယ်များ
ရောက်လာပြီးနောက် စားသောက်ကြရင်း
ဘီလူးရုပ်ထုနှင့်ပတ်သက်၍ ကိုသူရရင်ဆိုင်ကြုံ
တွေ့ခဲ့ရသောအဖြစ်အပျက်များကို စီကာပတ်ကုံး
ပြောပြလေရာ…၄င်းမှာ..အောက်ပါအတိုင်းပင်
ဖြစ်ပါတော့သတည်း…။
[ဤနေရာတွင် ကျွန်ုပ်သည် ကိုသူရနေရာမှနေ၍
ဝင်ရောက်ခံစားကာ သူပြောသမျှကို ဆီလျော်အောင် ရေးသားဖော်ပြသွားပါပေအံ့…စာရေးသူ]
=================================
ဘီလူးရုပ်ထုလေးလက်ဝယ်ရောက်ရှိလာခြင်း
——————————————-
၂၀၁၃..ခုနှစ်၊ဇူလိုင်လ၏တစ်ခုသောစနေနေ့…
ကျနော်ကိုသူရသည် ရုံးပိတ်ကျောင်းပိတ်ရက်မို့
အိမ်တွင်မိသားစုစုံစုံညီညီ..
(အသက်၁၂နှစ်အရွယ်..၇တန်းတက်နေသော
သားကြီး..အသက် ၄နှစ်အရွယ် သားငယ်..ကျနော်တို့ဇနီးမောင်နှံ)တို့
အနားယူနေခိုက် မိတ်ဆွေမုဆိုးကြီးကိုတောကျော်
သည် ၄င်းယူဆောင်နေကျ ပလိုင်းကြီးကိုလွယ်
လျက် အိမ်သို့ရောက်ရှိလာလေ၏…။
“အော…ကိုတောကျော်..လာဗျို့..ဒီတစ်ခေါက်ရော
ဘာတွေပါလာသေးလဲ??”
“ပါတာတွေကတော့များပါတယ်..ဒါပေမယ့်..
ကိုသူရကရှေးဟောင်းပစ္စည်းစုဆောင်းတာ ဝါသနာ
ပါလို့ ဟော့ဒီရုပ်ထုကလေးကို ကိုသူရအတွက်
သီးသန့်ရည်မှန်းပြီး ယူလာတယ်ဗျ”
ကိုတောကျော်သည်ပြောပြောဆိုဆို ပလိုင်းကြီး
အတွင်းမှ တစ်တောင်ခန့်အရွယ်ရှိရုပ်ထုကလေးတစ်ခုကို
ထုတ်ယူုပြီးလျင် စားပွဲပေါ်တွင် တင်လိုက်လေ
၏…။
ကျနော်ကြည့်မိသည်တွင် ရုပ်ထုကလေးမှာ လွန်စွာ
အသက်ဝင်လက်ရာမြောက်လှသော ဘီလူးတစ်ကောင်တင်းပုတ်ထမ်း၍ မတ်မတ်ရပ်နေ
ဟန်ဖြစ်ပြီး ပဉ္စလောဟာသတ္ထုဖြင့်သွန်းလုပ်ထား
လေ၏..။
ကျနော်သည်..စာကြည့်ခန်းစားပွဲအံဆွဲအတွင်းမှ
မှန်ဘီလူးသေးသေးလေးကို သွားယူပြီးနောက်
ရုပ်ထုကလေးကိုစေ့စေ့စပ်စပ်ကြည့်ရင်း….
“အင်း..ဟုတ်ပြီ..ရုပ်ထုကလေးကလက်ရာမြောက်
လိုက်တာဗျာ..ပြီးတော့..ကျနော်ခန့်မှန်းကြည့်ရသ
လောက်..ဒါ..ရတနာပုံခေတ်နှောင်းပိုင်းလောက်က
လက်ရာဖြစ်လောက်တယ်..ရှေးဟောင်းပစ္စည်း
တန်ဖိုးနဲ့ဆို တော်တော်တန်ဖိုးရှိမယ်..ဒါနဲ့..ဒါလေး
ကို ကိုတောကျော်ဘယ်လိုများရလာတာလဲဗျ…”
“အင်း…ကျုပ်တို့သားအဖနှစ်ယောက် ပင်းတယဘက်မှာသစ်ခွသွားရှာရင်း စတည်းချရာနေရာအနီးက မြေကြီးထဲမှာ တစ်ပိုင်းတစ်စပေါ်နေတာတွေ့တာနဲ့ တူးကြည့်ကြတော့ ဒီရုပ်ထုလေးကိုတွေ့တာနဲ့ ကိုသူရကိုပြရအောင်..ဆိုပြီးယူလာခဲ့တာပဲဗျ..”
“ဪ…ဟုတ်ပါပြီဗျာ…”
ဤသို့နှင့်ပင်ကျနော်သည် နှစ်သက်သဘောကျ
သောကြောင့် ကိုတောကျော်ထံမှ ထိုဘီလူးရုပ်ထု
ကလေးကို ထိုက်တန်သောအဖိုးအခပေး၍ ယူထား
လိုက်လေ၏..ပြီးနောက်……
မန်ကျည်းမှဲ့ကိုအရည်ဖျော်ပြီး တရော်ကင်ပွန်းနှင့်
ရောစပ်ထားသောအရည်ဖြင့် သွားပွတ်တံကလေးတစ်ချောင်းကိုအသုံးပြုကာ
အကြိုအကြားပါမကျန် ကျကျနနပွတ်တိုက်သန့်စင်လေ၏..။
“အကိုရယ်…အကိုကသာအမြတ်တနိုးပွတ်တိုက်
သန့်စင်နေတာ..နှင်းဖြင့်..ဒီအရုပ်ကိုစမြင်ကထဲက စိတ်ထဲမှာတစ်မျိုးကြီးပဲ..ကြောက်သလိုရွံ့သလိုကြီး”
ကျနော် လုပ်ကိုင်နေစဉ်ဇနီးဖြစ်သူနှင်း..
အနားရောက်လာပြီးနောက် ပြောလိုက်ခြင်းပင်…
“ဪ….နှင်းရယ်..အရုပ်ဆိုတာအရုပ်ပါပဲကွာ..
ပြီးတော့…ဒါမျိုးတွေကတကယ့်ရှေးဟောင်းလက်
ရာတွေ..နိုင်ငံခြားသားတွေသာဆိုရင် တကယ့်ကို
ဈေးကောင်းပေးပြီးဝယ်မှာ..အခု..အကိုဝယ်ထားလိုက်တော့..ကိုယ့်မြန်မာပြည်ရဲ့ရှေးဟောင်း
အနုသုခုမလက်ရာကို ကိုယ်တိုင်ထိန်းသိမ်းထား
ရာလဲရောက်တာပေါ့”
ကျနော်သည် စိတ်တိုင်းကျပွတ်တိုက်သန့်စင်ပြီး
နောက် ထိုရုပ်ထုကလေးကို စာကြည့်ခန်းအတွင်းရှိ ကျနော်စုဆောင်းထားသော ရှေးဟောင်းပစ္စည်း
များအလှပြထားရာ မှန်ဘီရိုထဲတွင်နေရာချထားလိုက်လေ၏..။
ဤသည်မှာပင်…ကျနော့်အဖို့ သိလျက်နှင့်ဝိပါက်
ကြမ္မာငင်..ဟူသကဲ့သို့..သွေးပျက်တုန်လှုပ်ဖွယ်
အဖြစ်အပျက်ကို ငွေပေး၍ဝယ်ယူလိုက်မိသလိုဖြစ်ခဲ့မှန်း..ထိုအချိန်က
ကြိုတင်မရိပ်စားမိခဲ့ခြင်းကပင် ကျွန်ုပ်၏မိုက်မဲမှုဖြစ်ခဲ့ရလေတော့သည်တကား…။
================================
ခြေသံများ
———-
“အကို…အကို..အကိုလို့..ထပါဦး”
တစ်ပတ်ခန့်ကြာမြင့်ပြီးနောက်..တစ်ညတွင်ဖြစ်လေ
၏..။ကျနော်သည်အိပ်မောကျနေခိုက် နှင်း၏လေ
သံတိုးတိုးဖြင့် နှိုးနေသံကြောင့် နိုးလာရလေ၏..။
“နှင်း….ဘာလဲ??”
“အကို…ခြေသံ…ကြားလား??”
ထိုအခါမှကျနော်နားစွင့်မိလေ၏..
ဟုတ်သည်….ခြေသံ..
“အင်း…ကြားတယ်နှင်း”
ကျနော်တို့အိပ်ခန်း၏အောက်ဘက် စာကြည့်ခန်းဘက်မှလာသော ခြေသံဖြစ်လေ၏..
အိမ်သည်..ညအိပ်လျင် ..ဘုရားခန်းမီးနှင့် ဧည့်ခန်း
ရှိညအိပ်မီးအပြာရောင်လေးတစ်လုံးသာထွန်း
ထားလေ့ရှိသောကြောင့် အလင်းရောင်မှာ
မှုန်ဝါးဝါးသာရှိလေသည်..။
[အိမ်မှာ တစ်ထပ်ခွဲတိုက်ကလေးဖြစ်ပြီး ကျန်သည့်
ဘုရားခန်း..ဧည့်ခန်း..စာကြည့်ခန်း..မီးဖိုခန်းနှင့် အခန်းပိုတို့မှာ
အောက်ထပ်တွင်ရှိ၍ ထပ်ခိုးပေါ်တွင်မူ အိပ်ခန်းနှစ်ခန်းသာပါရှိပြီး.တစ်ခန်းတွင်ကျနော်တို့ဇနီးမောင်နှံနှင့်သားငယ်လေးတို့အိပ်၍ ဘေးချင်းကပ်
အခန်းတွင်မူသားကြီးအိပ်ပါသည်]..
“အကို့..သူခိုးများဝင်နေတာလားမသိဘူး”
“ကဲ…နှင်း..လာ..မကြောက်နဲ့..အကိုရှိတယ်..ဆင်း
ကြည့်ကြမယ်..ဖြည်းဖြည်းချင်းထ..အသံမထွက်
စေနဲ့”
ကျနော်သည်ကုတင်ခြေရင်းတွင်အသင့်ထောင်ထား
လေ့ရှိသော နှစ်ပေခွဲခန့်အရှည် သံပိုက်လုံးကို ယူလိုက်ပြီးလျင် အောက်ထပ်သို့ နှစ်ယောက်သား
တိတ်တဆိတ်ချွတ်နင်း၍ ဆင်းလာကြလေ၏..
နှစ်ဦးစလုံး ခြေသံထွက်ပေါ်နေရာ စာကြည့်ခန်းအနီး
သို့ရောက်ရှိလာကြလေပြီ..
ခြေသံကားကြားနေရတုန်းပင်..
“အကို…ဘယ်လိုလုပ်မလဲ??”
“ဟုတ်ပြီ…နှင်းကအကို့နောက်မှာနေ..”
ကျနော်သည်နှင်းကိုတိတ်တိတ်နေရန်အချက်ပြလိုက်
ရင်း..ဝင်ပေါက်ဝအပြင်ဖက်တွင်တပ်ထား
သောစာကြည့်ခန်းမီးခလုတ်ကို စမ်းပြီးနောက်
တွေ့သည်နှင့်တစ်ပြိုင်နက် မီးခလုတ်ကိုချောက်ကနဲဖွင့်လိုက်သည့်.တစ်ချိန်ထဲမှာ
ပင် စာကြည့်ခန်း တံခါးကိုပါဝုန်းကနဲ ဆွဲဖွင့်လိုက်လေ၏..
“ဟင်………….”
လင်းထိန်နေသောလေးပေဖန်ချောင်းမီးရောင်အောက်တွင် စာကြည့်ခန်းတစ်ခုလုံး ပကတိငြိမ်သက်
လျက်…
ခြေသံလဲပျောက်သွားလေပြီ…
ကျနော်တို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်
မိကြတော့သည်..ကျနော်နှင်းလက်ကိုဆွဲ၍
စာကြည့်ခန်းထဲဝင်ခဲ့သည်..
အားလုံးပုံမှန်ပင်..ဘာမှခြေရာလက်ရာမပျက်..
နှင်းသည်ကျနော့်အနားတိုးကပ်လာလျက် လက်မောင်းကို အားကိုးတကြီးဆုပ်ကိုင်လိုက်လေရာ
နှင်း၏လက်ကလေးများမှာကြောက်ရွံ့စိတ်ကြောင့်
့ထင့်.. တဆတ်ဆတ်တုန်နေလေသည်..။
“အကို…ဘာလဲ..သရဲခြောက်တာများလား..
ဟင်??”
အမှန်ပြောရလျင် ကျနော်ကိုယ်တိုင်လဲဇဝေဇဝါပင်.. စာကြည့်ခန်းထဲတွင်တစ်စုံတစ်ယောက်နှင့်
ပက်ပင်းတွေ့လိမ့်မည်…ဟု သေချာပေါက်တွေးထား
ပါလျက်နှင့် ယခုမူ…အဘယ့်ကြောင့် တစ်ယောက်မျှ
ရှိမနေသနည်း..??
စောစောကကြားနေရသောခြေသံသည်လည်း
အဘယ့်ကြောင့် ယခုမှပျောက်သွားရသနည်း??
သို့သော်….နှင်းကိုမူ အကြောက်လွန်နေမည်စိုးသော
ကြောင့် စိတ်ဖြေရာစကားကိုသာ ဆိုမိလေ၏..။
“မဖြစ်နိုင်ပါဘူးနှင်းရယ်..အကိုတို့ဒီမှာနေလာတာ
ဘယ်လောက်ကြာပြီလဲ..တစ်ခါမှမှမကြုံဖူးတာ..
စောစောကခြေသံကလဲ အကိုတို့စိတ်ထင်လို့ကြား
မိတာနေမှာပါ..ကဲကဲ..လာ..ပြန်သွားအိပ်ကြစို့..
စာကြည့်ခန်းမီးတော့ဖွင့်ထားခဲ့လိုက်မယ်”
သို့နှင့်ကျနော်တို့ အိပ်ခန်းသို့ပြန်လာအိပ်ကြရာ
ထိုညတွင်တော့မည်သည့်အသံအသက်မျှ
မမြင်မကြားရတော့ပါပေ…။
==================================
တောက်ခေါက်သံကြီး
———————
“တောက်..!!”
သုံးရက်ခန့်အကြာ မိသားစုအားလုံးအိပ်မောကျနေ
ခိုက် ညဥ့်သန်းခေါင်ကျော်အချိန် ကျနော်ရုတ်တရက်လန့်နိုးလာစဉ် စာကြည့်ခန်း
ဘက်ဆီမှ ပြင်းထန်ကျယ်လောင်သော တောက်
ခေါက်သံကြီးကို ပီပီသသကြားလိုက်ရလေ၏…
ကျနော်ခေါင်းနားပန်းကြီးသွားမိလေပြီ…
ဆက်လက်နားစွင့်နေစဉ် ……
“ဟီး..ဟီး..ဟီး..ဟင်း..ဟင်း..”
ဟော…ကြားရပြန်ပြီ..တစ်စုံတစ်ယောက်၏ ဒေါသ
တကြီးမာန်ဖီကြိမ်းဝါးနေသည့်အလား..
မသဲမကွဲ..ရေရွတ်နေသံများ..
ထို့နောက်… စာကြည့်ခန်းထဲတွင်ခေါက်တုန့်
ခေါက်ပြန်လမ်းလျှောက်နေသံများ…
လမ်းလျှောက်နေရင်းမှ မကျေမနပ်နှင့်အောက်ခံ
သမံတလင်းကိုဖနောင့်နှင့်ပေါက်သည့်နှယ်
တဒုတ်ဒုတ်အသံများ…
ကျနော်..ဇနီးသည်နှင့်ဘေးမှသားငယ်လေးကို
အကဲခတ်ကြည့်လိုက်မိသည်..တော်ပါသေးရဲ့..
မနိုးကြလို့..
ထိုစဉ်မှာပင်…”ဂလောက်”ဟူသောစာကြည့်ခန်း
တံခါးလက်ကိုင်ဘုလှည့်သံနှင့်အတူ…
“ကျွီ”..ကနဲတံခါးဖွင့်သံကြားလိုက်ရပြီးနောက်
ခြေသံသည် အခန်းတွင်းမှထွက်လာကာ
နောက်ဖေးမီးဖိုခန်းဘက်ဆီ လျှောက်သွားသံကြား
ရလေ၏..။
ကျနော်..နှင်းကိုနှိုး၍ တံခါးဖွင့်ကြည့်ရမည်လား..
တွေးနေစဉ်မှာပင် မီးဖိုခန်းဘက်ဆီမှချိုးချိုးချွတ်ချွတ်အသံများကြားရပြီးနောက် ခြေသံသည် မီးဖိုခန်းဆီမှပြန်ထွက်လာကာ..
စာကြည့်ခန်းဆီတွင်ပျောက်သွားလေတော့၏..။
=================================
အသားတုံးများပျောက်ခြင်း
————————–
သို့နှင့်ပင်သုံးရက်ခန့်ကြာသွားလေပြီ..။
“အကို့ကိုပြောစရာရှိတယ်”
တစ်ညနေကျနော်ရုံးဆင်းပြီးအိမ်ပြန်ရောက်..ရေချိုး
အဝတ်အစားလဲ၍ ဧည့်ခန်းတွင် ထိုင်မိသည့်ခဏတွင်
ဇနီးသည်ကစကားစလာခြင်းပင်…
“ပြောလေ နှင်း..ဘာဖြစ်လို့လဲ??”
“အကို့ကို ပြောမယ်ပြောမယ်နဲ့ မသေချာသေး
လို့မပြောပဲနေတာ..အခုသေချာလို့ပြောမှာ..”
“အင်းပါနှင်းရဲ့..ပြောပါ..ဘာသေချာတာလဲ??”
“အကို…အခု နှင်းတို့အိမ်ပုံမှန်မဟုတ်တော့ဘူး..
အမှောင့်ပယောဂတစ်ခုခုဝင်နေပြီထင်တယ်”
“အင်…နှင်းက ဘာကြောင့်ဒီလိုထင်တာလဲ??”
“အကိုကမသိတာ..အခု..မီးဖိုခန်းရေခဲသေတ္တာထဲမှာ
ထည့်ထားတဲ့အသားစိမ်းတွေ လျော့လျော့နေ
တာ ကြာပြီအကို..”
“ဟင်…!!ဟုတ်လား..သေချာရဲ့လားနှင်းရယ်”
“အခုကတော့သေချာပြီအကို..အစောပိုင်း
နှစ်ရက်သုံးရက်ကတည်းက နှင်းသတိထားမိပေမယ့်
(ငါပဲ အမှတ်လွဲတာများလားမသိဘူး)ဆိုပြီး အကို့ကို
မပြောခဲ့တာ..မနေ့ကတော့နှင်း..မှတ်မှတ်ရရ
ရေခဲသေတ္တာထဲမှာ ဝက်သားတုံး ငါးတုံး..သေချာ
ရေပြီးထည့်သိမ်းခဲ့တာ..ခုမနက် ချက်မယ်ဆိုပြီးကြည့်
လိုက်တော့ နှစ်တုံးပဲကျန်တော့တယ်”
“ဟုတ်လား..အင်း..စဉ်းစားစရာပဲ”
“အကို…….”
“ပြော…နှင်း..”
“အကိုနှင်းကို အဓိပ္ပါယ်မရှိတာပြောတယ်ဆိုပြီး
အပြစ်တော့မတင်နဲ့.. နှင်းလဲစိတ်ထဲစဉ်းစားမိ
တာ ပြောမလို့”
“အင်းပါ…ပြောမှာသာပြောပါ..နှင်းရဲ့..”
“နှင်းတော့..အကို ဟိုတလောကဝယ်ထားလိုက်တဲ့
အရုပ်နဲ့များပတ်သက်နေမလားလို့..ဘီလူးရုပ်ဆို
တော့ သူကလဲသားစိမ်းငါးစိမ်းစားတတ်တာပဲလေ”
“ဟင်…ဒါဆို..အဲ့ဒီဘီလူးရုပ်ကအသက်ဝင်ပြီး
အသားတုံးတွေယူစားနေတယ်လို့..နှင်း..ဆိုလို
တာလား??”
“ဆိုလိုတာတော့မဟုတ်ဘူးအကို..သံသယရှိတာပါ”
အင်း…………
အမှန်တကယ် အသားတုံးများပျောက်ပျောက်နေတာ
သေချာသည်ဆိုလျင်တော့ နှင်းပြောသည်မှာစဉ်းစား
စရာ တစ်ချက်ပင်..
အိမ်မှာခွေး..ကြောင်လဲမရှိသည့်အတွက် ပျောက်စရာ
အကြောင်းမရှိ..
ပြီးတော့….ကျနော်ပထမဆုံးနှင်းနှင့်အတူ ခြေသံများ
ကြားရခြင်း..ဒုတိယအကြိမ် ကျနော်တစ်ယောက်တည်း တောက်ခေါက်သံ..
ကြိမ်းဝါးရေရွတ်သံ..ဖနောင့်ပေါက်သံများ
ကြားရခြင်းတို့သည်ဘီလူးရုပ်ထုထားရှိရာ
စာကြည့်ခန်းဆီမှပင် ဖြစ်နေသည်မဟုတ်ပါလော??…
သို့ဆိုလျင်…….နောက်ဆုံးတစ်ညက
စာကြည့်ခန်းအတွင်းမှခြေသံသည် မီးဖိုဘက်
လျှောက်သွားပြီးနောက် မီးဖိုထဲမှ ချိုးချိုးချွတ်ချွတ်
အသံများကြားရခြင်းသည်…
ရေခဲသေတ္တာအတွင်းမှအသားတုံးများကို ယူစား
နေခြင်းကြောင့်ပင်လော??..
ဤဖြစ်ရပ်မျိုးကို တစ်ခါမှလည်း မကြုံတွေ့ဖူးသော
ကြောင့် (ဤအတိုင်းဖြစ်ရမည်)ဟု တစ်ထစ်ချစွပ်စွဲ
သတ်မှတ်ရန်မှာလည်း အကြောင်းပြချက်မခိုင်လုံ
သေးကြောင်း ကျနော်သိပါသည်…
သိုနှင့်ပင်……..
“ဒီလိုတော့လဲ တစ်ထစ်ချကြီးပြောလို့ မရသေးပါဘူး
နှင်းရယ်..နေပါဦး..နည်းနည်းစောင့်ကြည့်ကြသေး
တာပေါ့.. ပြီးတော့..အကိုလဲ နားလည်တတ်ကျွမ်းသူ
တွေကို တိုင်ပင်မေးမြန်းကြည့်ပါဦးမယ်..နှင်းလဲ အရမ်းကြီးအစွဲအလမ်းကြီးမနေနဲ့နော်..ဥပါဒါန်
ကြောင့် ဥပါဒ်ရောက်နေမယ်..”
ကျနော့်မှာ…ဘယ်လိုဘယ်ကဲ့သို့ ဝေခွဲမရသေးသည့်
အတွက် ဇနီးသည်ကို ပြေရာပြေကြောင်းသာ
နှစ်သိမ့်ပေးလိုက်ရပါလေတော့သတည်း…။
=================================
ပုဏ္ဏကတိုက်ခြင်းပင်လော
————————-
“ဖျော…ဖျော…”
ထိုနေ့မှဒုတိယမြောက်ညဖြစ်လေသည်…
ညဦးပိုင်းဆယ်နာရီခန့်သာရှိပါသေးသည်…
သားနှစ်ယောက်နှင့်ကျနော်တို့ဇနီးမောင်နှံ မအိပ်ကြ
သေးပဲ ဧည့်ခန်းတွင်ထိုင်၍ စကားပြော တီဗွီကြည့်
နေကြစဉ်……….အိမ်ခေါင်မိုးပေါ်သို့ တစ်စုံတစ်ယောက်ကလက်ဖြင့်ဆုပ်ပက်လိုက်သလို ကျောက်စရစ်ခဲလေးများ တဖျောဖျောကျသံ ထွက်
ပေါ်လာသဖြင့် မိသားစုအားလုံး တစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်လျက် အထိတ်တလန့်ဖြစ်သွား
ကြလေ၏…။
“အဖေ…ဘာသံလဲဟင်…?”
ယင်းအသံကြောင့် သားကြီးသည် ကျနော့်အနား
တိုးကပ်လာရင်းမှ မေးလိုက်ခြင်းပင်..
“ဪ…အပြင်မှာလေတိုက်တော့ လေနဲ့အတူ
သဲမှုံတွေပါလာပြီး အဖေတို့အိမ်ခေါင်မိုးပေါ်
ကျတာနေမှာပါသားရဲ့”
သားကြီးထိတ်လန့်မည်စိုးသောကြောင့် ကျနော်
ဖြေပြောပြောလိုက်ရသော်လည်း တကယ့်တကယ်
တွင်မူ ထိုသို့မဖြစ်နိုင်မှန်း ကျနော့်စိတ်ထဲမှသိနေ
ပါသည်..
ထိုသို့မဖြစ်နိုင်လျင် အဘယ်သို့ဖြစ်နိုင်သနည်း..??
နှင်းသည်ကျနော့်မျက်နှာကိုစေ့စေ့ကြည့်လျက်..
ထိုအခိုက်…အပြင်ဘက်လမ်းမပေါ်မှ အနီးပတ်ဝန်း
ကျင်ရှိသမျှ ခွေးလေခွေးလွင့်အပေါင်းတို့ စုပေါင်း
အူလိုက်သကဲ့သို့ ခွေးအူသံများတစ်ပြိုင်ထဲ
ထွက်ပေါ်လာပြီးနောက် အိမ်ခေါင်မိုးပေါ်မှ တစ်စုံ
တစ်ယောက်၏ဝုန်းဝုန်းဒိုင်းဒိုင်း ပြေးလွှားသံကြီးကို
ကြားလိုက်ရပြန်လေ၏…
ထိုအချိန်တွင်…သားကြီးနှင့်ဇနီးတို့မျက်နှာမှာကား
တုန်လှုပ်ခြောက်ခြားနေဟန် ဇီးရွက်လောက်သာ
ရှိတော့သည်…
ကျနော်…ဓာတ်မီး ယူပြီးနောက် အိမ်ပြင်ထွက်၍ ခေါင်မိုးပေါ်သို့ထိုးကြည့်သော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ မတွေ့ရပါချေ…
ထို့နောက်..အိမ်ထဲသို့ပြန်ဝင်၍ စာကြည့်ခန်းမှန်ဘီရို
ထဲမှ ဘီလူးရုပ်ထုကိုသွားကြည့်မိသောအခါတွင်
ကား..ထူးခြားမှုတစ်ခုကိုတွေ့လိုက်ရပါတော့သည်..
၎င်းမှာ….ဘီလူးရုပ်ထုကလေးသည် အပြင်ဖက်သို့
မျက်နှာလှည့်ထားရာမှ ယခုမူ…နံရံအတွင်းဘက်သို့
မျက်နှာမူလျက် ကျောခိုင်းအနေအထားဖြင့်
တွေ့လိုက်ရခြင်းပင်တည်း…။
“အကို…နှင်းပြောတာမှန်တယ်လို့မထင်ဘူးလား??”
ကျနော့်လက်မောင်းကို ဆုပ်ကိုင်၍
နှင်းပြောလိုက်သောအသံ..
နှင်းမျက်လုံးကလေးများမှာ ဝိုင်းဝိုင်းလည်လျက်..
“အင်းးးးးးးးးးးးး”
ထိုကဲ့သို့…လမ်းမပေါ်မှခွေးများအူသံ..
အိမ်ခေါင်မိုးပေါ်သို့ခဲများတဖျောဖျောကျသံ..
ခေါင်မိုးပေါ်မှ ဝုန်းဝုန်းဒိုင်းဒိုင်းပြေးလွှားနေသံတို့သည်
အချိန်အတန်ကြာမှပင်..
တဖြည်းဖြည်းတိုးတိတ်ပျောက်ကွယ်သွားပါတော့သည်…။
=================================
သားကြီးကိုပါအတူခေါ်အိပ်ရခြင်း
——————————-
“အား….အဖေရေ..အမေရေ..အီးဟီးဟီး..”
ကြုံရပြန်လေပြီ…
နောက်တစ်နေ့ည..မိသားစုအိပ်စက်ရာမှ ညဥ့်
သန်းခေါင်ကျော်အချိန်တွင် ဘေးတစ်ဖက်
သားကြီးအခန်းဆီမှ ငယ်သံပါအောင်အော်ဟစ်
လိုက်သံကြောင့် ကျနော်တို့လင်မယားနှစ်ယောက်
လုံး..နိုးလာကြလေ၏..။
“အကို…သားကြီးအခန်းမှာ…
ဘာဖြစ်တာလဲ မသိဘူး”
နှစ်ယောက်သားအိပ်ရာမှ ဝုန်းကနဲထပြီး တစ်ဖက်
သားကြီးအခန်းဆီသို့ပြေး၍ တံခါးဖွင့်မီးဖွင့် ကြည့်
ကြလေသောအခါ….သားကြီးမှာစောင်ကိုခေါင်းမြီး
ခြုံ၍ အော်ဟစ်ငိုယိုနေသည်ကို တွေ့ရလေတော့
သည်..။
နှင်းကား..မိခင်ပီပီပြာယာခပ်သွားလေတော့၏…။
“ဟဲ့…သားကြီး..သားကြီး..ဘာဖြစ်တာလဲ..
အမေတို့လာပြီလေ.. ထ..ထ…”
ကျနော်သားကြီးခေါင်းမြီးခြုံထားသောစောင်ကို
ဖယ်၍ ကုတင်ပေါ်မှပွေ့ယူလိုက်သောအခါ
သားကြီးမှာ ရှိုက်ကြီးတငင်ငိုယိုလျက် တစ်ကိုယ်လုံးမှာလည်း..နတ်ပူးသကဲ့သို့ တဆတ်ဆတ်တုန်နေလေ၏…။
“ကဲ…လာ..လာ..နှင်း..မီးတွေအကုန်ဖွင့်ကွာ..
အောက်ထပ်ဘုရားခန်းထဲဆင်းရအောင်”
နှင်းကသားဇောဖြင့် ဂမူးရှူးထိုးအောက်ဆင်းမည်အပြု…ကျနော်လှမ်း
အော် သတိပေးလိုက်ရလေသည်…။
“နှင်း…သားငယ်လေးကိုလဲ တစ်ယောက်ထဲမထား
ခဲ့နဲ့..အိပ်ပျော်နေလဲတစ်ခါထဲချီခေါ်ခဲ့…”
ဤသို့ဖြင့် မီးများအကုန်ဖွင့်၍ မိသားစုလေးယောက်
လုံး ဘုရားခန်းထဲရောက်လာကြလေသည်…
“နှင်း…သားကြီးကိုပရိတ်ရေတိုက်ကွာ..”
နှင်းက ဘုရားကျောင်းဆောင်ဘေးရှိ ရေသန့်ဗူး
ထဲမှ ပရိတ်ရေကိုယူ၍ တိုက်သောအခါတွင်မှ
သားကြီးမှာ..သွေးရူးသွေးတမ်းအော်ဟစ်ငိုယိုနေ
ရာမှ တဖြည်းဖြည်း အသက်ရှူပြန်မှန်လာလေတော့သည်..။
“သားကြီးရယ်…ဘယ်လိုများဖြစ်တာလဲကွယ်..
အမေဖြင့်ရင်ထိတ်လိုက်တာ..”
“သားအိပ်ပျော်နေတုန်း…လန့်နိုးလို့ကြည့်လိုက်တော့
ကုတင်ခြေရင်းအမှောင်ထဲကနေ..မျက်လုံးကြီိးနှစ်
လုံး..နီရဲနေတာပဲ..သားကိုစိုက်ကြည့်နေတာ..
သားကြောက်တယ်မေမေ..အီး..ဟီးဟီး”
“ကဲပါသားရယ်…အခုမကြောက်တော့နဲ့..အဖေအ
မေတို့လဲရှိတယ်..အခု..သား..ပရိတ်ရေလဲသောက်
ပြီးပြီ..သားဘာမှမဖြစ်တော့ဘူး..သိလား..”
ကျနော်လဲ သားကြီးကိုပွေ့ချီရင်း နှုတ်မှလည်း
သမ္ဗုဒ္ဓေဂါထာတော်ကြီးကို အဆက်မပြတ်ရွတ်ပေး
နေမိပါသည်..။
အတော်ကြီးကြာသည့်နောက်….
..သားကြီးပုံမှန်ပြန်ဖြစ်သွားမှ….
“ကဲ…နှင်းရေ..အကိုတို့ပြန်အိပ်ကြစို့..မီးတွေ
တော့ မပိတ်နဲ့တော့ကွာ..သားကြီးကိုလဲ
တစ်ယောက်ထဲမသိပ်တော့ဘူး..အကိုတို့အခန်း
ထဲပဲခေါ်သိပ်ရအောင်..”
သို့နှင့်…ထိုညတွင်ကား ကျနော်သည်…
အခြေအနေအရပ်ရပ်ကိုသုံးသပ်လျက်..
“ဘယ်လိုများဖြစ်ပါလိမ့်မလဲ..ဒီအခြေအနေကို
ဘယ်လိုအေးချမ်းအောင်လုပ်ရပါမည်လဲ”..ဟု
စဉ်းစားတွေးတောရင်း နိုးတစ်ဝက်အိပ်တစ်ဝက်ဖြင့်
သာ မိုးစင်စင်လင်းခဲ့ရပါလေတော့သတည်း..။
=================================
မျက်ဝါးထင်ထင်မြင်ရလေပြီ
—————————
ထိုမှ…..နောက်တစ်နေ့ည…
ဤညသည်ကား..ကျနော့်ဘဝတသက်တာတွင်
သွေးပျက်ခြောက်ခြားဖွယ်အကောင်းဆုံး ညပင်
ဖြစ်ခဲ့ပါသည်..။
ထိုည…….
ကျနော်..တစ်စုံတစ်ခုသောအငွေ့အသက်ကြောင့်
အိပ်ပျော်နေရာမှ ဆတ်ကနဲနိုးလာသည်တွင်
တစ်အိမ်လုံး မှောင်နှင့်မည်းမည်းဖြစ်နေလေသည်..။
မအိပ်ခင်..အပြင်မီးအားလုံးဖွင့်ထားပြီးမှအိပ်ကြ
သည်ပဲ..ယခုအဘယ့်ကြောင့် မှောင်မည်းနေရ
သနည်း…
ကျနော်မနေသာတော့..ကုတင်ပေါ်မှအသာအယာ
ဆင်းကာ အခန်းဘေးမှပြတင်းပေါက်သေးသေးလေး
ကို အသံမမြည်စေရန် သတိကြီးစွာထား၍ တွန်းဖွင့်
လိုက်ပါသည်..။
[ထိုပြတင်းပေါက်ကလေးမှ…အောက်ထပ်
အိမ်အလယ်လျှောက်လမ်းနှင့် မီးဖိုခန်း.
..ထမင်းစားခန်းတို့ကို လှမ်းမြင်ရပါသည်]
အပြင်တွင်….
ဘုရားခန်းမီးအလင်းရောင်ကတော့ တစ်အိမ်လုံးတွင်
မှုံဝါးဝါးရှိနေသည်မို့ မီးပျက်နေခြင်းလည်း မဟုတ်
ပါ..။ …..အသို့ပင်နည်း…
ဤသို့ဆိုလျင်…..တစ်စုံတစ်ယောက်ကမီးများအား
လုံးကို ပြန်ပိတ်လိုက်ခြင်းပင်လော..??
ထိုတစ်ယောက်သည်..မီးခလုတ်များလိုက်ပိတ်ခဲ့
သည်ဆိုလျင်…ဘုရားခန်းမီးကိုမူအဘယ့်ကြောင့် မပိတ်ပဲထားသနည်း..??
ထိုတစ်ယောက်သည်..ဘုရားခန်းအတွင်းသို့
ဝင်၍မရသောကြောင့်ပင်လော..??
ကျနော့်မှာအတွေးများဖြင့် လုံးချာလည်နေခိုက်
မီးဖိုခန်းဆီမှ ချိုးချိုးချွတ်ချွတ်အသံများ ကြားရသဖြင့် လှမ်းကြည့်လိုက်မိသောအခါတွင်ကား…
“အမလေး….ဘုရား…ဘုရား…”
ကျနော်..နားထင်နားရင်းများထူပူ၍..ဆံပင်မွေးများ
ထောင်ကာ… ခေါင်းကြီးပင် ပုတ်လောက်ကြီးသွား
သည်…ဟု ထင်လိုက်မိပါတော့၏…။
မြင်လိုက်ရသည်မှာကား……
မပီဝိုးတဝါးအလင်းရောင်အောက်တွင် အမွေးစုတ်ဖွားနှင့်မည်းမည်းအကောင်ကြီးတစ်
ကောင်သည်..မီးဖိုခန်းဝင်ပေါက်ဘေးရှိ ရေခဲ
သေတ္တာရှေ့တွင် ငုတ်တုတ်ထိုင်ကာ..ရေခဲသေတ္တာ
အတွင်းမှ အသားတုံးများကို ယူငင်စားသောက်နေ
သည်ကို တွေ့လိုက်ရခြင်းပင်တည်း…။
ကျနော်…အသက်ပင်ရဲရဲမရှူဝံ့ပါ..
မျက်တောင်မခတ်တမ်း စူးစိုက်ကြည့်နေမိရာမှ
ထိုမည်းမည်းအကောင်ကြီးသည် ကျနော်ကြည့်နေသည်ကို သိရှိနေသည့်အလား
တစ်ကြိမ်တွင်….
ကျနော့်ဆ်ီသို့လှမ်းကြည့်လိုက်လေရာ….
၎င်း၏ရဲရဲတောက်နေသောမျက်လုံးကြီးနှစ်လုံးနှင့်
မျက်လုံးချင်း ဆုံမိသည်တွင် ကျနော်၏အသည်း..နှလုံး..ကလီစာများပင် ပြောင်းပြန်လန်သွားသည်ဟု ထင်လိုက်မိပါတော့သည်..။
ကျနော်နှုတ်မှလည်း သမ္ဗုဒ္ဓေဂါထာတော်ကို
အဆက်မပြတ်ရွတ်ဆိုရင်း တံခါးရွက်ကိုပြန်စေ့လိုက်
ကာ ခပ်ဟဟကြားလေးထဲမှ ချောင်းကြည့်နေမိစဉ်
မှာပင် ထိုမည်းမည်းသဏ္ဍာန်ကြီးသည် မီးဖိုခန်းမှ
ပြန်ထွက်လာပြီးနောက် ကျနော့်မျက်စိရှေ့အောက်
မှဖြတ်ကာ…စာကြည့်ခန်းအတွင်းသို့ဝင်ရောက်
ပျောက်ကွယ်သွားပါတော့သည်…။
နှင်းပြောခဲ့သည်မှာ သေချာနေလေပြီ..
ဤဘီလူးရုပ်ထုကို ကျနော့်အိမ်တွင် မည်သို့မျှ
ဆက်ထား၍မဖြစ်တော့ပါ..
အဘယ်သို့ပြုရမည်နည်း..ညကမျက်ဝါး
ထင်ထင်မြင်ခဲ့ရသောအဖြစ်အပျက်ကိုလည်း
အကြောက်လွန်မည်စိုးသောကြောင့် နှင်းကိုပင်
ပြောမပြဖြစ်ပါ..
ကျနော်စခဲ့သည့်ဇာတ်လမ်း…ကျနော်ပင် အဆုံးသတ်
ရပေတော့မည်..
မည်ကဲ့သို့အဆုံးသတ်ရပါအံ့…။
==================================
အိပ်မက်ထဲမှအဖိုးအို
——————–
နောက်တစ်နေ့ညတွင်ကား…ကျနော်သည်
ညဦးပိုင်း ၇ နာရီခန့်..ကိုယ်လက်သန့်စင်၍ ဘုရား
စင်တွင် ပန်းရေချမ်းဆီမီးပူဇော်ပြီးနောက်
ဘုရားရှိခိုး..အရပ်ဆယ်မျက်နှာ ပုဂ္ဂိုလ်သတ္တဝါ
အပေါင်းတို့အား..အထူးတလည် မေတ္တာပို့အမျှ
အတန်းပေးဝေ၍ အိပ်ရာဝင်ခဲ့ကြပါသည်…
ထိုညတွင်ပင် ကျနော့်မှာ ထင်ရှားပီပြင်လွန်းသော
အိပ်မက်တစ်ခုကိုမြင်မက်လေတော့၏…။
သမ္မာဒေဝနတ်ကောင်းနတ်မြတ်တစ်ပါးပါးမှ
စောင်မကြည့်ရှုခြင်းဟုပင် ထင်မိပါသည်…။
အိပ်မက်မှာစင်းလွန်းသဖြင့် အပြင်တွင် တကယ်
ကြုံခဲ့ရသလား…ဟုပင် ထင်မှတ်ရလေ၏..။
အိပ်မက်မှာ ဤသို့တည်း….
နေ့လည်ခင်းအချိန်..ကျနော်တစ်ဦးတည်း အိမ်
အောက်ထပ်ဧည့်ခန်းတွင်ထိုင်နေခိုက် ဘယ်က
ဘယ်လိုရောက်လာမှန်းမသိသော ဝတ်ဖြူစင်
ကြယ်ဝတ်အဖိုးအိုတစ်ဦး အိမ်ပေါက်ဝ၌ ရောက်ရှိ
လာလေသည် …
အဖိုးအိုမှာ….ဦးခေါင်း၌လည်း ပဝါဖြူတစ်စကို
ခေါင်းပေါင်းထားပြီးလျင် လက်တွင်း၌ပုတီးတစ်ကုံး
ကို ဆွဲကိုင်ထားလေသည်…။
“လူလေးရေ…ဝင်ခွင့်ပြုပါကွယ်”
“ဪ…ဟုတ်ကဲ့အဖိုး..ဝင်ပါ..”
အဖိုးအိုသည်အသက်အရွယ်ကြီးရင့်သောကြောင့်
မျက်နှာတွင် ဇရာ၏အရေးအကြောင်းများပေါ်
လွင်နေသည့်တိုင် ပကတိကြည်လင်ရှင်းသန့်သော
အသွင်ကိုဆောင်လျက်ပင်…
“ထိုင်ပါအဖိုး..ဘာများအလိုရှိပါသလဲ..ကျနော်
ဘာများလှူဒါန်းရပါမလဲ??”
“အထွေအထူးတော့မလိုပါဘူးကွယ်..အဖိုးကို
ရေအေးအေးလေးတစ်ခွက်လောက်ပဲတိုက်ပါ”
“ဟုတ်ကဲ့ပါ…အဖိုး..”
ကျနော်သည်ရေခဲသေတ္တာအတွင်းမှ ရေသန့်တစ်
ဗူးထုတ်ယူကာ ဖန်ခွက်အပြည့်ထည့်၍ အဖိုးအိုထံကမ်းပေးလိုက်လေသည်…။
အဖိုးအိုသည်…ရေအေးအေးကိုသောက်သုံးပြီး
နောက်….
“လူလေး…အခု..အဖိုးလာတာ..လူလေးကို
အသိသတိပေးချင်လို့ကွယ့်..”
“ဟုတ်ကဲ့…ပြောပါအဖိုး”
“အခု…လူလေးအိမ်မှာ ဘီလူးရုပ်ထုတစ်ခုရောက်
နေတယ်မဟုတ်လား..အဲ့ဒီရုပ်ထုအတွက်လဲ..
လူလေးစိတ်သောကများနေရတယ်မဟုတ်လား??”
အဖိုးအိုသည် အပ်ချမပ်ချ သိနေသောပုံစံဖြင့်
ပြောလေတော့၏…
ကျနော်….ဝမ်းသာသွားပြီး…
“ဟုတ်ပါတယ်အဖိုးရယ်..ကျနော်လဲအဲ့ဒီအတွက်
စိုးရိမ်ပူပန်ပြီး..ဘာဆက်လုပ်ရမလဲလို့ စဉ်းစားမ
ရအောင် ဖြစ်နေပါတယ်..”
“အင်း…ဒါဟာ..လူလေးတို့မိသားစုအတွက်
အလွန်အန္တရာယ်ကြီးတယ်..အခုတောင်မှလူလေးတို့တစ်အိမ်သားလုံး ကံမြင့်နေလို့ အန္တရာယ်မပြုနိုင်တာ..သူစိတ်ဆိုးဒေါသထွက်ပြီး
ရေရွတ်ကြိမ်းမောင်းနေသံရော..လူလေးကြားဖူး
တယ်မဟုတ်လား??”
“ဟုတ်ကဲ့..ကြားဖူးပါတယ်အဖိုး…”
“အဲ့ဒါ…လူလေးအိမ်မှာ..သူစားဖို့ အသားစိမ်းမရှိတဲ့အခါမှာဖြစ်တတ်တယ်..ဆိုတာ
ရော..သတိထားမိရဲ့လား??”
ဟင်……..
ထိုသို့မူကျနော်သတိမထားမိခဲ့ရိုးအမှန်ပင်..
“အဲ့ဒီတော့ကွယ်…အတိုချုံးပြောရရင် တစ်ချိန်ချိန်..အိမ်သားတွေသတိလက်လွတ်ဖြစ်တဲ့အချိန်..အိမ်မှာလဲ သူယူစားစရာ..ဘာအသားမှမရှိတဲ့အချိန်နဲ့ကြုံကြိုက်ရင်
လူလေးတို့မိသားစုထဲက ကံနိမ့်သူကို ယူငင်ဖမ်း
စားတဲ့အထိ ဖြစ်လာနိုင်တယ်..”
“ဗျာ….!!ဟုတ်ကဲ့..ဒါဆို ကျနော် ဘယ်လိုလုပ်ရပါ့မလဲ…အဖိုး..”
“အထူးလုပ်စရာမရှိပါဘူးကွယ်..ငါ့သားအဲ့ဒါကို
ဘယ်နေရာကနေယူလာသလဲ..ယူလာတဲ့နေရာ
ရောက်အောင်ပြန်ထားပေးလိုက်ပေါ့..ဒါဆိုရင်..
ငါ့သားတို့အတွက် ဘေးအန္တရာယ်ကင်းရှင်းသွား
မှာပါ..”
“ဟုတ်ကဲ့အဖိုး…ကျနော် အဖိုးပြောတဲ့အတိုင်း
တသွေမတိမ်း လိုက်နာပါ့မယ်ခင်ဗျာ”
“အေးကွယ်…အေးကွယ့်…ဒါဆိုအဖိုးသွားမယ်..
ကျန်းမာကြပါစေ..ချမ်းသာကြပါစေ..အန္တရာယ်ကင်း
ဘေးရှင်းကြပါစေကွယ်”
အဖိုးအိုသည်ထိုသို့ဆိုပြီးနောက် ထိုင်ရာမှထကာ
အိမ်ထဲမှ တရွေ့ရွေ့ထွက်ခွာသွားပါတော့သတည်း…
=================================
“ကဲ…ဒီရုပ်ထုနဲ့ပတ်သက်ပြီး ကြုံတွေ့ခဲ့ရသမျှကတော့..အဲ့ဒါပဲကိုရဲနိုင်ရေ..
မနေ့ညကအိပ်မက်မက်ပြီး ဒီနေ့ပဲ ခင်ဗျားဆီ
ရောက်အောင်လာခဲ့တာပဲ”
“ဪ….တော်တော်ကြီးခြောက်ခြားဖွယ်အဖြစ်
တွေပဲဗျာ..ရေရှည်များ ကိုသူရအိမ်မှာဆက်ထား
ရင် ဘာတွေများထပ်ဖြစ်လာမယ်မဆိုနိုင်ဘူး..
ကဲ….ဟုတ်ပါပြီဗျာ..ဒါနဲ့..ကျနော့်ကိုအကူအညီ
တောင်းချင်တယ်ဆိုတာကရော..??”
“ဒါကဒီလိုပါ…ကိုရဲနိုင်နဲ့ကိုတောကျော်ကအရမ်း
ခင်မင်ကြတော့ ကိုတောကျော်နေတဲ့ရွာကို ကိုရဲ
နိုင်သိတယ်မဟုတ်လား??”
“သိတာပေါ့ဗျာ…ကျနော်အမြဲရောက်နေကျပါ”
“အင်းဗျာ…ကျနော်အကူအညီတောင်းချင်တာ
ကလဲအဲ့ဒါပဲ..ကျနော်ကကိုတောကျော်နေရာမသိတော့ ကိုရဲနိုင်ကပဲ ဒီရုပ်ထုကိုပြန်ယူသွားလို့ ကိုတောကျော်လက်ထဲပြန်အပ်ပြီး သူယူခဲ့တဲ့နေရာရောက်အောင် ပြန်ပို့ပေးဖို့
ပြောပေးစေချင်တာပါ..ကျနော်သူ့ဆီကဝယ်လိုက်တဲ့
အဖိုးအခကိုလဲ လုံးဝပြန်ပေးစရာမလိုပါဘူး..
ကျနော့်စေတနာပေါ့ဗျာ..ပြန်ပေးစရာမလိုတဲ့အပြင်
သူယူလာတုန်းက ပင်းတယဘက်ကတောင်
ယူလာတာဆိုတော့.. ပြန်သွားပို့မယ့်အခါ
သွားဖို့လာဖို့..လမ်းစားရိတ်ကလိုအုံးမှာပဲ..ဒီအတွက်လဲ ကျနော်ခရီးစားရိတ်အဖြစ် ပိုက်ဆံငါးသောင်း
ပါ ထပ်ပေးလိုက်ပါ့မယ်.. ကိုရဲနိုင်အနေနဲ့ ဒါလေးကို
ကူည်ီစေချင်တာပါ…”
“ရပါတယ်ဗျာ…ကူညီရမှာပေါ့..စိတ်ချပါ..
လမ်းစရိတ်လဲမပေးပါနဲ့..လိုအပ်ရင် ကျနော်ပဲ
ပေးလိုက်ပါ့မယ်..စိတ်အေးလက်အေးသာနေပါ..
ကဲ…ဒါဆို..ဒီလိုလုပ်ဗျာ..ကိုသူရရဲ့ဖုန်းနံပါတ်
ကျနော့်ကိုပေးခဲ့..ကျနော်..မနက်ဖြန်မနက်စောစော
အိမ်ကနေကားနဲ့ထွက်လာပြီး ကိုသူရဆီလာမယ်..
ရုပ်ထုကိုယူပြီး တစ်ခါထဲကိုတောကျော်ဆီ
ဆက်သွားမယ်..ရွာထိရောက်အောင်သွားပြီးတော့
သူ့လက်ထဲအရောက်ထည့်ပေးခဲ့ပါ့မယ်ဗျာ..
စိတ်ချပါ..ကတိပေးပါတယ်..”
==================================
နိဂုံး
—-
ဤသို့နှင့်ပင်နောက်တစ်နေ့မနက်တွင် အစီအစဉ်အတိုင်း မနက် ၇ နာရီခန့်တွင် ကျနော်
အိမ်မှထွက်ခွာကာ ကိုသူရဆီသွား..ရုပ်ထုကလေး
ကိုယူပြီးနောက် ကိုတောကျော်ရွာအရောက်သွားပြီး
အကြောင်းစုံပြောပြကာ…မူရင်းနေရာရောက်အောင်
ပြန်ပိုပြေးဖို့ပြောဆိုအပ်နှံခဲ့လေ၏…
ကိုတောကျော်လည်း နောက်တစ်နေ့တွင်
သားအဖနှစ်ယောက် ၄င်းတို့သစ်ခွသွားရှာခဲ့ရာ
ပင်းတယမြို့အနီးတောနက်ထဲသို့တိုင် ရောက်အောင်
သွားပြီး ရုပ်ထုကလေးကို မူလနေရာတွင်ပင်
ပြန်လည်၍ မြေမြှုပ်အပ်နှံ ထားရစ်ခဲ့လေတော့သတည်း…။
==================================
ပြီးပါပြီ…
ခင်မင်စွာဖြင့်…
Credit to -Thiha Naing**
Next
« Prev Post
« Prev Post
Previous
Next Post »
Next Post »
Post a Comment
Subscribe to:
Post Comments (Atom)
