အတိုမကြောက်တဲ့ ဆရာဝန်
"ခင်ဗျား ကြိုက်သလိုလုပ်၊မကျေနပ်ရင် ကြိုက်တဲ့လူခေါ်ခဲ့ ကျနော်ကတော့ ဘယ်နည်းနဲ့မှ ဒီကလေးကို ပေးမပြန်နိုင်ဘူး"
တာချီလိတ်ဆေးရုံ၊ကလေးဌာနမှာ ကျနော်ပြောဖြစ်တဲ့ စကား။ကလေးတစ်ယောက်နဲ့ပတ်သက်ပြီး သူ့အဖိုးကို ကျနော်ပြောဖြစ်ခဲ့တဲ့ စကား။
အဲဒီကလေးက အသက်က ဆယ်နှစ်၊ယောင်္ကျားလေး။အိမ်မှာဖျားနေတာ (၃)ပတ်။ဟိုဆေးသောက် ဒီဆေးသောက် ဆေးခန်းတစ်ချို့မှာ ပြသပြီး မသက်သာလို့ တာချီလိတ်ဆေးရုံလာတက်။လာတက်တုန်းကတည်းက သူ့အဖေနဲ့ နှစ်ယောက်ထဲလာတက်တယ်။ဗမာစကားမတတ်။သူ့အဖေက သူဌေးရဲ့ ရာဘာခြံမှာ နေ့စားအလုပ်သမား။သူ့အမေလုပ်သူက ရှိတယ်လို့တော့ ပြောပေမယ့် တစ်ခေါက်မှ ဆေးရုံမှာမတွေ့ရ။ဆေးရုံရောက်ပြီးတစ်ပတ်အ
ကြာမှာ သူ့အဖေကပြောလာတယ်။ဆရာမတွေက စကားပြန်ပေးတယ်။
"ဆရာ...ကျုပ်တို့ ဆေးရုံဆင်းချင်ပြီ"
သူတို့ပြောတဲ့အချိန်မှာ ကလေးက အိပ်ယာပေါ်မှာ ပက်လက်။ဖျားနေဆဲ၊အားနည်းဆဲ၊အစားနည်းဆဲ။ထိုးဆေး၊စားဆေး၊ဆလိုင်းဆေးရည်တွေကြောင့်သာ အသက်ဆက်နိုင်နေတာ။
"ဘာလို့ ဆင်းချင်တာလဲ၊ကလေးက မကောင်းသေးဘဲနဲ့"
"ပိုက်ဆံမရှိတော့ဘူး၊ပြန်မှ ဖြစ်တော့မှာ"
အခုချိန်မှာ မြန်မာနိုင်ငံဆေးရုံတော်တော်များများ ဒီပြဿနာနဲ့ ရင်ဆိုင်နေရတယ်။အစိုးရဆေးဝါးထောက်ပံ့မှုက မလုံမလောက်။အထိခိုက်ဆုံးက မရှိဆင်းရဲသားတွေ။တစ်နေ့လုပ် တစ်နေ့စားတွေအဖို့ ဆေးရုံတွေက ဝယ်ခိုင်းတဲ့ဆေးစရိတ်က သူတို့မတတ်နိုင်တဲ့ အနေအထား။အခုဆို ကျနော်တို့ ဆေးရုံမှာကိုပဲ ဆေးဝါးအများစုကို လူနာတွေကိုယ်တိုင် ဝယ်ယူကျခံနေရ။ဒါက ပကတိမြေပြင်အနေအထား။အခုဆို ဒီကလေးက ပိုက်ဆံမရှိလို့ ဆေးဆက်မကုနိုင်တော့ဘူးတဲ့။သေမှသာ သေရော ပြန်ပါရစေတဲ့။ဘယ်လိုလုပ်ရပါ့။
"ဒီလိုလုပ်ကြည့်မယ်လေ...ထိုးဆေး စားဆေး ကုန်ကျစရိတ်တွေကို မဝယ်ခိုင်းတော့ဘူး...ကျနော်တို့ စိုက်ထုတ်ပေးမယ်(အိတ်စိုက်)..ကလေးက ဆေးဆက်ပြီးထိုးမှကို ဖြစ်မှာမို့ပါ..နော့်"
"မဖြစ်လို့ပါ ဆရာ"
"ဟေ...ဘာ့လို့တုန်းကွ"
"ကျုပ်တို့မှာ ထမင်းစားစရာကို ပိုက်ဆံမရှိတော့လို့ပါ"
"အင်"
အော်..ဆိုးတဲ့ ဘဝတွေပါလား။ကဲ..ဘယ်လိုလုပ်ကြပါ့။
"ထမင်းပါ ကျွေးမယ်ဆို ဆက်နေမလား"
"အဲဒါဆိုရင်တော့ ဆက်နေပါ့မယ် ဆရာ"
မာမီ(Sister)ကိုခေါ်ပြီး ဆေးလူမှုဆက်ဆံရေးမှူးဦးစိုးနိုင်ဆီ ဖုန်းဆက်ခိုင်းပြီး လူနာနှင့် ကလေးအဖေအတွက် တစ်နေ့ ထမင်းနှစ်နပ် အကူးအညီတောင်းကြည့်တယ်။ဆေးလူမှုဦးစိုးနိုင်တို့ကလည်း သဘောကောင်းတော့ ထမင်းကိစ္စပြေလည်သွားတယ်။
ဆေးရုံမှာ နှစ်ပတ်ကြာတဲ့ အထိ ကလေးက မသက်သာ။အဖျားမကျ။အိပ်ယာပေါ်မှာ ခွေခွေလေး။တစ်နေ့တစ်နေ့ လူနာကြည့်ချိန်ဆို စိတ်ညစ်ရ။"အဖျားက တက်တုန်းဆရာ""ဖျားနေတုန်းဆရာ"ဒီအသံတွေပဲကြားရ။ကျနော်လည်း စိတ်ညစ်။ကလေးအဖေကတော့ ကလေးမသက်သာသေးပေမယ့် ဒီလိုကုသမှုခံယူနေရတာကိုပဲ အားရကျေနပ်နေတယ်။ကလေးအဖျားမကျလို့ စိတ်ညစ်နေတာက ကျနော်။ကလေးဖျားနေတာ အခုဆို တစ်လကျော်ပြီလေ(အိမ်မှာ(၃)ပတ်၊ဆေးရုံမှာ (၂)ပတ်ကျော်)။
အဲဒီအချိန်မှာပဲ သူ့အဖိုးဆိုသူ ရောက်လာ။
"ကလေးကိုပြန်ခေါ်သွားမယ်...ခင်ဗျားတို့ကုနေတာ နှစ်ပတ်ကျော်နေပြီ..ကလေးက အခုထိ ဘာမှ မထူးခြားဘူး...သေရင်လည်း အိမ်မှာပဲ အသေခံမယ်...အခုပြန်ခေါ်မယ်..."
လူနာရှင်က ကျေးဇူးဆပ်လေပြီ။ပြောပုံက ထရိုက်ပေါက်။ဆေးရုံမှာ နှစ်ပတ်ကျော်လုံး ဘယ်လိုပြုစုကုသနေတယ်...ငွေကြေးပြဿနာကစ ဘယ်လို အဆင်ပြေအောင် ကြိုးစားနေရတယ်ဆိုတာ ဘာမှမသိ၊တစ်ခေါက်မှလည်း ပေါ်မလာဖူးဘဲနဲ့ အခုမှ ကျနော့်ကို ရန်တွေ့သလို ပြောနေတယ်။ကလေးအဖေ ကတော့ ကျနော့်ကို အရမ်းအားနာနေတယ်။ဒါပေမယ့် သူ့အဖေကို တော်တော်ကြောက်ရပုံ ပေါ်တယ်၊စကားဝင်မပြောဘူး။
"အဲဒါဆိုလည်း ခင်ဗျားတို့ကလေး ခင်ဗျားတို့သဘောပဲ ပြန်ခေါ်သွားပေါ့"
အဲလိုပြောလိုက်ရင်...ကျနော် ခေါင်းစားသက်သာမယ်၊ဆရာမတွေ အလုပ်သက်သာမယ်၊ဆေးဖိုးတွေ စိုက်ထုတ်ပေးဖို့ မလိုတော့ဘူး၊ထမင်းစရိတ်မကုန်တော့ဘူး၊လူနာရှင်ကလည်း သူတို့စိတ်တိုင်ကျ ပြန်ခေါ်ခွင့်ရတော့ ကျနော်တို့ကို ပြဿနာမရှာတော့ဘူး၊Facebook ပေါ်တင်ပြီး စောင်ဆရာဝန်တွေဆိုပြီး အဆဲခံရစရာမရှိတော့ဘူး..အဲ လူနာကလေးကတော့ ပြန်မလာနိုင်တဲ့ လမ်းကို သွားရဖို့ ရာနှုန်းများတယ်...။
ဒါပေမယ့်...
တကယ်တမ်း ကျနော်ပြန်ပြောလိုက်တာက
"ခင်ဗျား ကြိုက်သလိုလုပ်၊မကျေနပ်ရင် ကြိုက်တဲ့လူခေါ်ခဲ့ ကျနော်ကတော့ ဘယ်နည်းနဲ့မှ ဒီကလေးကို ပေးမပြန်နိုင်ဘူး"
ပြောသာပြောရတယ်။ခပ်လန့်လန့်ရယ်။တာချီလိတ်ဆိုတာ အတိုတွေ(ပစ္စတိုသေနတ်) သိပ်ပေါတာ။မကြေနပ်ရင် အတိုနဲ့ထိုးသွားရင် ကိုယ်က အရင်သေမှာ။ဒီလိုပြောလိုက်လို့ ကျနော်ဘာမှမရဘူး။သေနိုင်တယ်။အကြောင်းမတော်လို့ ဆေးရုံမှာကုသရင်းကလေးသေဆုံးခဲ့ရင် ဖွဘုတ်မှာ အဖွခံရနိုင်တယ်။
အဖွခံရတော့ ဘာအရေးလဲ။မသေသင့်တဲ့ ကလေး မသေရေး တို့အရေးလို့ပဲ ခံယူတယ်။
သူအဖိုး ကျနော့်ကို အရှုံးပေးပြီး မကျေမနပ် ပြန်သွားတယ်။
သားအဖနှစ်ယောက်တော့ ကျန်ခဲ့တယ်။
စေတနာမှန်လို့ ဘုရားမတယ်ထင်ပါရဲ့ နောက်ဆယ်ရက်လောက်နေတော့ ကလေးက အဖျားကျပြီး စပြီးသက်သာလာတယ်။နောက်ပိုင်းတော့ ပုံထဲကအတိုင်း အကောင်းပကတိ ဖြစ်သွားတယ်။ပိန်ပိန်လှီလှီနဲ့ အားတော့ဖြည့်ရဦးမှာပေါ့ဗျာ။ကျနော်တို့ သူတို့ဆီက ဘာရလိုက်သလဲ...
"ပီတိ"ပါပဲဗျာ။
(ဆေးရုံပေါ်မှာ တစ်လလောက် နေသွားတယ်)။
ဒေါက်တာကျော်စွာမြင့်
ကလေးအထူးကု
Next
« Prev Post
« Prev Post
Previous
Next Post »
Next Post »
Post a Comment
Subscribe to:
Post Comments (Atom)
