www.mmmultizone.blogspot.com
{ တောတို့ မာယာ }
•••••••••••••••••••
ကျေးငှက်သံတွေကလည်း တကျီကျီနဲ့။
တနေ့တာ လုပ်ငန်းဆောင်တာများ စတင်ရန် လောကဓာတ်အလင်းရောင်ကြီးက နှိုးဆော်ပေးနေပေပြီ။
မဖြစ်ဘူး အိပ်ယာက ထမှ…။ မောင်ထွန်း ကျုပ်ဆီလာတော့မယ်။ဒီနေ့ သူနဲ့ တောထဲအမဲပစ်ထွက်ရန် ချိန်းထားတယ်လေ။ မောင်ထွန်းကတော့ ကျုပ်တပည့်ဆိုလည်း မမှားဘူးပေါ့။ကျုပ်က ငယ်ငယ်ကတည်းက လက်ဖြောင့်တော့ သူကအားကျပြီး ဘယ်သွားသွား လိုက်ချင်တော့တာ။လက်ဖြောင့်ဆို ကျုပ်က တောထဲသွားပြီဆိုတာနဲ့ အမြဲတမ်း ခံတွင်းတွေ့နေကျကိုးဗျ။ဒါကြောင့်လည်း သူက ကျုပ်နောက်ကို လိုက်တာ မဆန်းပါဘူးလေနော့်။အခုဆို အမဲပစ်မထွက်ရတာ တစ်ပတ်လောက်ရှိပြီလေ။ရထားသမျှ ဂျီ(ချေ)သားခြောက်တွေကလည်း ကုန်တော့မယ်ဆိုတော့ မိန်းမက ပွစိပွစိ ဖြစ်လာပြီ။ကျုပ်မှာကလည်း ကျွမ်းကျင်ရာအလုပ်ဆိုလို့ ဒီအမဲလိုက်မုဆိုးအလုပ်ပဲ လုပ်တတ်တာကိုး။ဒါလေးနဲ့ပဲ မိသားစုဝမ်းစာကို ဖြေရှင်းနေရတာလေ။ ကဲ့ တွေးနေလိုက်တာ အိပ်ယာက ထမှပဲ။
မျက်နှာသစ်ပြီး ထမင်းကြော်နဲ့ဂျီသားကင်ကို စားရင်း ရေနွေးကြမ်းနဲ့ အရသာခံနေချိန် မောင်ထွန်းမှာ ပိုးအိတ်တစ်လုံးနဲ့ရောက်လာလေတော့တယ်။
"ဟာ မောင်ထွန်း ဝီရိယကောင်းလှချည်လား တယ်ဟုတ်ပါလားကွ ဟင်း"
"ဟာ ဝီရိယမကောင်းလို့ မရဘူး ဆရာရေ ကျနော်တို့ အမဲပစ်မထွက်တာ တစ်ပတ်လောက်ရှိပြီမလား အဲ့ဒီတော့ နည်းနည်း ခြေမစိုတော့ ပါးစပ်လည်း မစိုတော့ဘူးပေါ့ဗျာ ဟဲဟဲ"
ကျုပ်မှာ နံနက်စာ စားသောက်ပြီး အမဲပစ်ထွက်ရန် ပြင်ဆင်ရလေတော့သည်။ ၃ရက်လောက် ညအိပ် ထွက်ရမည်မို့ အိမ်က မိန်းမကို ဂရုစိုက်ရန် သေချာမှာခဲ့ရလေတော့၏။
သို့နှင့် အမဲလိုက်ရန် ကျုပ်တပည့် မောင်ထွန်းနှင့် တောတွင်းစွန့်စားခန်းခရီး စတင်ခဲ့လေတော့တယ်။မောင်ထွန်းမှာတော့ ညစ်ပေပေ ကျောပိုးအိတ်ထဲ ရိက္ခာအပြည့် ပိုးကာ မငြီးမငြူလိုက်လာရှာဆဲပါပဲ။ငယ်ရွယ်ဖြတ်လတ်ပြီး တက်ကြွနေတဲ့ မောင်ထွန်းမှာတော့ မမောမပန်းနိုင်ရှာပါ။ကျုပ်မှာကတော့ ကျောမှာ တူမီးသေနတ်ကို လွယ်ပြီး ဓားမြောင်တစ်ချောင်းကို ခါးတွင် ပတ်ထားပြီး တွေးကြည့်ရင် ရုပ်ရှင်ထဲကလို စတိုင်ကျလှတယ်လို့ ထင်ပေလိမ့်မယ်။အင်မတန်မှ ရှေ့သွားနောက်လိုက် ညီမယ့် ဆရာတပည့်နှစ်ယောက်လို့ ထင်ချင်စရာပါပေ့။သို့သော် စတိုင်မကျနိုင်ရှာပါ။စကားစမြည်လေးပြောရင်း ခရီးဆက်လာလိုက်တာ ရွာလွန်လို့ ရိုးမတောစပ်ကို ရောက်လာပါပြီ။နေ့တဝက်လောက်ဆို မိမိတို့လိုချင်တဲ့ သားကောင် ပစ်ကွင်းကို ရောက်တော့မှာပါ။
"မုဆိုးလိုက်စည်းကမ်း ငါးမျိုးရှိတယ် မောင်ထွန်း ။ပထမတစ်ခု သားကောင်ကို ဘယ်တော့မှ ချောင်းပြီးအလစ်ကို မပစ်ရဘူး။ဒါက သူ့ရဲ့နောက်ဆုံးအချိန်အတွက် အခွင့်အရေးပေးလိုက်တာ။ဒုတိယတစ်ခု သားကောင်က ရေသောက်နေရင် မပစ်ရဘူး။တတိယတစ်ခု သားကောင် အိပ်နေတုန်း ချောင်းမပစ်ရဘူး။စတုတ္ထတစ်ခု သားကောင်မှာ ကလေးတွဲလောင်းနဲ့ဆို မပစ်ရဘူး။နောက်ဆုံး ပဉ္စမအချက်ကတော့ အထီးနဲ့အမ နှစ်ကောင်ဖြစ်နေမယ်ဆိုရင် အထီးကိုပဲ ရွေးပစ်ရမယ်။"
အသေးစိပ်ရှင်းပြရင်း စကားတပြောပြောနဲ့ တောလမ်းခရီးမှာ မောင်ထွန်း က တော့ ခေါင်းတညိတ်ညိတ်။
ပြီးတော့ မုဆိုးဟာ သားကောင်ကို ဘယ်တော့မှ လျော့မတွက်ရဘူး။တောထဲမှာ မုဆိုးဟာ အချိန်မရွေး သားကောင်ဖြစ်သွားနိုင်တယ်။မုဆိုးကနေ သားကောင်ဖြစ်သွားတာတွေလည်း အများကြီးပဲ ။ဒါကြောင့် မျက်စိလျင်ရတယ် နားရှင်ရတယ် အမြဲတမ်း သတိဆိုတဲ့ စိတ်က ကပ်ထားရမယ်။
တောက ပိုနက်လာပြီမို့ တောတောင်ရိပ်ရဲ့ အအေးဓာတ်က လွှမ်းမိုးလာလေသည်။မအေးဘဲနေပါ့မလား နိုဝင်ဘာလကုန်လို့ ဒီဇင်ဘာလကို ကူးတော့မယ်လေ။ဆောင်းရာသီရဲ့ အအေးဓာတ်က လွန်ကဲလာလေပြီ။
"ကဲ့ မောင်ထွန်း ငါတို့ ဒီမှာ စခန်းချမယ် ဒီနေရာဟာ သားကောင် ကြီးငယ် ပေါများပြီး တခါတရံ တောခြောက်တာ ခံရတတ်တယ်လို့ ငါကြားဖူးတယ်"
"ကဲ့ ဒီသစ်ပင်ပေါ်မှာ စင်ထိုးမယ် ဒီည ငါတို့ ဒီသစ်ပင်ပေါ် အိပ်ကြရမယ် ခဏနားပြီးရင်ချက်စရာ ပြုတ်စရာ ရှိတာ ချက်ထားမယ် ဟိုမှာတွေ့လား မလှမ်းမကမ်းမှာ ပိန်းပင်၊ဇရစ်ပင်တွေနှင့် ထူထပ်ပေါက်ရောက်နေတဲ့ ရေအိုင် အဲ့မှာ ရေခပ်ပြီး ချက်ပြုတ်ပေါ့ကွာ ငါက သစ်ပင်ပေါ် အိပ်ဖို့ စင်ထိုးလိုက်အုံးမယ် မင်းက ချက်စရာရှိတာ ချက်ထားလိုက်တော့"
ကျုပ်မှာလည်း အိပ်စရာ စင်လုပ်ဖို့ လိုအပ်တဲ့သစ်ဝါးများ ခုတ်ရန် အနီးအနားတဝိုက် လိုက်ရှာရလေတော့သည်။တောနက်မို့လို့လားမသိ နေရောင်ကိုပင် သဲကွဲအောင်မမြင်ရ။တစ်တောလုံးမှာတော့ ကျေးငှက်သံ၊ရှဥ့်အော်သံ၊ဂျီ(ချေ)ဟောက်သံ၊ ဇီးကွက်အော်သံ စသည်ဖြင့် တေးသံစုံလင်လှ၏။ညနေ ၄နာရီ ခန့်ရှိပေပြီ။
လုပ်စရာရှိတာလုပ်ပြီး သစ်ပင်ပေါ်က စင်ပေါ်မှာ ထမင်းစားရန် ပြင်ဆင်ရင်း လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများကိုလည်း တစ်ခါထဲ အပေါ်ကိုယူထားရတော့သည်။ မြေကြီးနှင့် သစ်ပင်ပေါ်က စင်က ဆင်တစ်ရပ်ခန့်အမြင့်မှာ ဆောက်ထားရ၏။ဒါမှလည်း တောရိုင်းတိရစ္ဆ္တ္ဘာန်တွေ အလွယ်တကူ အန္တရာယ်မပြုနိုင်မှာ မဟုတ်ပါလော။စားပြီးသောက်ပြီးတော့ ညနေ၅နာရီခန့်ရှိသွားပါပြီ။ဘာပဲဖြစ်ဖြစ် ဒီညတော့ အနားယူရမယ်မဟုတ်လား ဒါမှ မနက်ဖြန် အမဲလိုက်နိုင်မှာလေ။ဟန်းကောအိုးနဲ့ တည်ထားတဲ့ ရေနွေးကြမ်းအေးအေးကို ထန်းလျက်လုံးနဲ့မြည်းရင်း ဆေးလိပ်ဖက်ကြမ်းကိုလည်း ခဲလိုက်သေး၏။ကိုယ့်ကိုကိုယ် တယ်လည်း ဇိမ်ကျနေပါလား။
မကြာခင် တလောကလုံး မှောင်မဲသွားကာ နေဝင်မိုးချုပ် စုန်းစုန်းမြုပ်ပေပြီ။လဆန်းရက်ပေမို့ လရောင်မှိန်ပြပြလေးက မလင်းတဝက် လင်းတဝက်။
ကျောပိုးအိတ်လေးကို ခေါင်းအုံးရင်း ဆရာ တပည့်နှစ်ယောက် ကျောခင်းလို့ အကြောစင်း လိုက်ကြတော့တယ်။ဆောင်းရာသီမို့လားမသိ နေဝင်တာနဲ့ အအေးဒဏ်က အရိုးခဲ မတတ်ပါပေ။
တစ်ချက်တစ်ချက် ဆောင်းလေညှင်းအေးအေးက အရိုး ချဉ်ဆီထဲ စိမ့်ဝင်သွားသလား အသက်ကိုအောင့်လို့ အံတုနေရ၏။ပါလာတဲ့ကုတ်အင်္ကျီ ခပ်နွမ်းနွမ်းကို ဝတ်ကာ အိပ်ယာထဲ အတွေးကိုယ်စီနှင့်။ခရီးပန်းလာလို့လား မသိ ခဏအကြာတွင် မှေးခနဲ အိပ်ပျော်သွားလေတော့သည်။
"" ဂါးးးး ဂရားးး အူးးးးး ဝူးးးးးး ""
ဆူဆူညံညံ အသံကြောင့် ကျုပ်မှာဖျတ်ခနဲ လန့်နိုးသွားကာ အနီးရှိ တူမီးသေနတ် ကို လှမ်းကိုင်လိုက်၏။
"ဆရာ ဆရာ ဘာအသံလဲမသိဘူး""
"" ရှူး တိတ်တိတ်နေ ဒါ တစ်ခုခုပဲ ""
ကျုပ်မှာ သေနတ်ကို အဆင်သင့်မောင်းတင်ရင်း လှုပ်ရှားမည့် အရာတစ်ခုခုကို မျက်တောင်မခတ် စိုက်ကြည့်နေရ၏။ ညဘက် လရောင်ကမလင်းတလင်းမို့ သေချာ သဲသဲကွဲကွဲ မမြင်ရ။
ထိုစဉ် "ချလောင်း" သစ်ကိုင်းခြောက်ကို နင်းကျိုးမိသည့်အသံ။
ရေအိုင်ဘက်မှာ လူတစ်ယောက်။
လရောင်နဲ့ မို့ ယောကျာ်းဟု ခန့်မှန်းရသည်။ပုံစံက ခုခေတ် လူတွေနှင့်မတူ။ရှေးခေတ် ဘုရင်တွေ လက်ထက်က ဝတ်စားဆင်ယင်မှုနဲ့ အတူတူပင်။
ဝါးကျည်တောက်တွေ လက်ကဆွဲပြီး ရေအိုင်မှာ ရေခပ်နေသည်။ပြီးတော့ ပိန်းရွက်တွေကိုလည်း ခူးလိုက်သေးတယ်။
ခဏကြာတော့ ရေအိုင်နဲ့ခပ်လှမ်းလှမ်းဘက်မှာ "တဝေါဝေါ"" နဲ့ လေတိုက်တာလည်း မဟုတ်။
တခုခုပြေးလာနေသည့်အသံ။ရေအိုင်ဘက်ကို လာနေသည့်အသံ။ဝံပုလွေ…
ဝံပုလွေအဖြူ…
ဝံပုလွေအဖြူပေါ်မှာ အမျိုးသမီးတစ်ယောက်…။
ထိုအမျိုးသမီးမှာလည်း ခုခေတ်လူတွေနှင့် ဝတ်စားတာချင်းမတူ။သရဖူသဏ္ဍာန် တစ်ခုကို ခေါင်းမှာစည်းထားပြီး ဖြူလွလွ ငွေသား အချောထည် လုံချည်ကို သေသပ်လှပစွာ ဝတ်ဆင်ထားလေ၏။
ရေအိုင်ဆီရောက်တော့ ဝံပုလွေပေါ်စီးထားတဲ့ မိန်းကလေးကို ခုဏက ယောက်ျားကြီးက ခေါင်းငုံ့ ဦးညွှတ်ကာ လက်ထဲက ရေထည့်ထားတဲ့ ကျည်တောက်များကို လှမ်းပေးလိုက်လေသည်။ထိုအခါ မိန်းကလေးက ရေဗူးကို လှမ်းယူပြီး မော့သောက်လိုက်သည်။ပြီးတော့ ရေဗူးကို ယောကျာ်းကြီးထံ ပြန်ပေးလိုက်ပြီး ပိန်းရွက်၊ဇရစ်ရွက်များကို ခူးနေလေတော့သည်။
ကျုပ်မှာ အံ့အားသင့်သွားကာ ခဏတာ မင်သက်သွားမိလေ၏။အမဲလိုက်မုဆိုးသက်တမ်း တစ်လျှောက် ယခုကဲ့သို့ အဖြစ်အပျက်မျိုး တစ်ခါမှ မကြုံဖူးသေးချေ။ကျုပ်နည်းတူ မောင်ထွန်းမှာလည်း ကြောက်လွန်း၍ ချမ်းအေးတဲ့ရာသီမှာပင် နဖူးပြင်မှာ ချွေးစေးများ စို့နေသည်ကို လရောင်မှိန်မှိန်အောက်မှာ လှမ်းမြင်နေရလေ၏။ဒါဟာ လူစင်စစ်မဟုတ်ဘဲ တောခြောက်ခံနေရတယ်ဆိုတာ ကျုပ် အတပ်သိလိုက်ပါတယ်။ဘယ်သို့ပင်ဆိုစေ ဒီတောဒီတောင်ထဲမှာ ဘယ်က လူသားမှ လာနိုင်စရာမရှိ။နတ်တွေလည်း မဖြစ်နိုင်။ကျုပ်မှာ သေနတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ချိန်ထားလိုက်လေ၏။
""ဝှီးးး ဝှီးးး""
ထိုစဉ် လေပြင်းတချက်က တိတ်ဆိတ်နေတဲ့ တောတခွင်အတွင်း တိုက်ခတ်လိုက်လေ၏။ လေတိုက်သံကြားတော့ ရေအိုင်က မိန်းကလေးနဲ့ ယောက်ျားကြီးမှာ ချက်ချင်းတုံ့ခနဲ ရပ်လိုက်ကာ ဟိုဟိုဒီဒီကြည့်ပြီး ယောကျာ်းကြီးက ထွက်ပြေးသွားလေတော့၏။ ဝံပုလွေဖြူစီးတဲ့ မိန်းကလေးမှာလည်း ဝံပုလွေအပေါ်တက်ကာ ကျုပ်နဲ့မောင်ထွန်းရှိရာ သစ်ပင်ဆီသို့ ဦးတည်လာနေလေတော့သည်။
ကျုပ်တို့ ကိုယ်အနံ့ကို ရသွားပုံရသည်။
ဝံပုလွေမှာ သွားတဖြဲဖြဲ မာန်တဖီဖီ။မိန်းကလေးမှာလည်း ဒေါသထွက်ပြီး တိုက်ခိုက်တော့မည့် ဟန်ဖြင့် မာန်ပါပါ ကျုပ်တို့ရှိရာသို့ လာနေပေပြီ။ကျုပ်မှာ သေနတ်ကို ဝံပုလွေပေါ်က မိန်းကလေး၏ ဦးခေါင်းဆီ ထိုးချိန်ရင်း ပစ်ရန် အသင့် စောင့်နေလိုက်လေတော့သည်။
များမကြာမီ ကျုပ်တို့ဆရာတပည့်နှစ်ယောက် ရှိရာ သစ်ပင်ခြေရင်းသို့ ရောက်လာတော့သည်။ကျုပ်တပည့်မောင်ထွန်းကတော့ တဆတ်ဆတ်တုန်နေပြီး ကျုပ်အနောက်မှာ မျက်လုံးလေး ပေကလပ်ပေကလပ်နဲ့။
ကျုပ်ကလည်း ဆရာဆိုတဲ့ အရှိန်ကို တင်ကာ ကြောက်စိတ်ကို အသာထား အံကြိတ်ထားရာက နှုတ်ခမ်းတွေပေါက်မတတ်ပါပေ။
မိန်းကလေးမှာ ဝံပုလွေပေါ်က ဆင်းလိုက်ပြီး ကျုပ်တို့သစ်ပင်ခြေရင်းကို ကိုင်ကာ တက်လာလေတော့သည်။ကျုပ်လည်း ချက်ကောင်းကို မထိမှာစိုး၍ မပစ်သေးဘဲ အနီးကပ်ကို စောင့်နေလိုက်၏။
မိန်းကလေးတန်မဲ့ သစ်ပင်ပေါ်တက်လာလိုက်တာ လွယ်လွယ်ကူကူပါပေ။ဘာပဲဖြစ်ဖြစ် ဒါ အန္တရာယ်ပေးမဲ့ ကောင်ပဲဆိုတာ နားလည်လိုက်ပါပြီ။သစ်ပင်အလယ်တဝက်လောက်တက်လာတော့ မိန်းကလေးသဏ္ဍာန်မှ ပါးစပ်ကိုဖြဲလိုက်ရာ ပါးစပ်ထဲမှာ ဖြူဖြူရှည်ရှည် အစွယ်နှစ်ချောင်းကို တွေ့လိုက်ရ၍ တချက် လန့်သွားလေ၏။နှစ်ကိုက်ခန့် အကွာကို တက်လာတာနဲ့ ကျုပ်လည်း သူ့နဖူးပြင်တည့်တည့်ဆီ ထိုးချိန်ပြီး မောင်းခလုတ်ကို ဆွဲဖြုတ်လိုက်လေတော့သည်။
"" ဒိုင်းးးးးးး""
သေနတ်ပြောင်းဝမှ ပေါက်ကွဲသံကြီးနဲ့အတူ ယမ်းမီးတောက်များနဲ့ရောထွေးကာ မိန်းကလေးမှာ လွှင့်စဉ် ကျသွားလေတော့သည်။
""ဝုန်းးး"""
တစ်တောလုံးလည်း ပဲ့တင်ထပ်သွားလေ၏။ဝံပုလွေဖြူမှာလည်း လန့်ဖျတ်ပြီး အော်ဟစ်ကာ ထွက်ပြေးသွားလေတော့သည်။
"" ဆရာ ဆရာ သွားကြည့်ရအောင် မိန်းကလေး အောက်ကိုကျသွားပြီ""
""မောင်ထွန်း အသာနေစမ်း ဒါ လူမဟုတ်ဘူးကွ တောထဲက တောကောင်တကောင်ကောင်ကို နာနာဘာဝတွေ စီးထားတာ သေနေလောက်ပါပြီကွာ မနက်မိုးလင်းမှ ဆင်းကြည့်ရအောင်""
မောင်ထွန်းမှာ ကျုပ်စကားကို မလွန်ဆန်ရဲ၍ ဆင်းမကြည့်တော့ဘဲ ကုပ်ကုပ်လေးနေနေတော့သည်။
ဒီညအဖို့ တော်တော်နဲ့ အိပ်မပျော်။ကြောက်စိတ်ကတစ်မျိုး ပြီးတော့ ခုဏက ကျသွားတဲ့မိန်းကလေးက ဘာများဖြစ်နေမလဲ တွေးရင်းနဲ့ နံနက် အာရုဏ်တက်ခါနီးမှ မှေးခနဲ တစ်ချက်ပျော်သွားလေတော့၏။
""ဆရာ ဆရာ ဆတ်ကြီးဗျို့ ဆတ်မကြီး အကြီးကြီးပဲ
ဝဝလှလှကြီးဗျို့""
ကျုပ်တပည့် မောင်ထွန်း ဝမ်းသာအားရ အော်ပြောသံကြောင့် လန့်နိုးသွားလေရာ မနက်ပင် မိုးလင်းနေပေပြီ။
ကျုပ်လည်း အောက်ကို ဆင်းကြည့်ရာ ဟုတ်ပါသည် ဆတ်မကြီး နဖူးတည့်တည့်မှာ သေနတ်ဒဏ်ရာဖြင့် သေဆုံးနေတာတွေ့ရ၏။
""ဆရာ ဆရာကတော့ လက်သံပြောင်သဗျာ ကျနော်တော့ဖြင့် ညက ကြောက်လိုက်တာ တစ်ခါမှလည်း မတွေ့ဖူးဘူးလေ ဒီတစ်ခါလည်း ဆရာနောက်က အမဲလိုက်ရကျိုးနပ်ပြန်ပြီကွာ ဟားဟား""
""ဒါနဲ့ဆရာ ညက မိန်းကလေးက ဘာလို့ ဆတ်မဟုတ်ဘဲ မိန်းကလေးလို့တွေ့နေရတာလဲဆရာ""
""သြော်…မင်းကို ငါပြောသားပဲ ဒီတောဟာ တောခြောက်တတ်တယ်လို့ ဒီတောမှာ တောခြောက်ခံရပြီး ထွက်ပြေးရတဲ့ မုဆိုးတွေ မနည်းတော့ဘူးကွ အေ ညကမိန်းကလေးဟာ ဒီတောကို စောင့်ရှောက်နေတဲ့ ဆတ်ပဲကွ ဒီတောထဲ ဘယ်သူမှ အမဲမလိုက်နိုင်အောင်လို့ ခြောက်လန့်နေတဲ့ နှစ်ချို့ ဆတ်ကြီးပဲ သက်တမ်းတော်တော်ရင့်နေလောက်ပြီကွ
ဒီဆတ်မကြီး မရှိတော့ ဒီတောကို ငါကပဲ စောင့်ရှောက်ဖို့ တာဝန်ဖြစ်သွားပြီ""
"ဆရာ ဘာကို ဆိုလိုတာလဲ ကျနော်နားမလည်တော့ဘူး"
"ဒီလိုကွ ဒီဆတ်မကြီးဟာ ဒီတောရဲ့ဘုရင်မပဲ ညကတွေ့လိုက်လား ယောက်ျားကြီးက သူ့ကို ဦးညွှတ်တာလေ ဒါသူ့ထက်အကြီးအကဲ မို့လို့ပေါ့
တကယ်လို့ ငါသေသွားခဲ့သော် ဒီတောကို စောင့်ရှောက်ရမယ့် တာဝန်က ငါသတ်မိလိုက်လို့ ငါ့တာဝန်ဖြစ်သွားပြီ။အဲ့ဒါကိုပြောတာ""
"" သြော်… ဒီလိုလားဆရာရယ်""
ကျုပ်နဲ့ ကျုပ်တပည့်သည် ဆတ်မကြီးကို အိမ်သို့ထမ်းပြီးသယ်ရန် ပြင်ဆင်ကြရတော့သည်။အခု အမဲရတော့ သုံး လေးရက် လိုက်စရာမလိုတော့။
ရွာနဲ့လည်း နေ့တဝက်ခရီးမို့ ထမ်းရမှာ မလွယ်လှ။ ဒါပေမယ့်ထမ်းရမှာပဲလေ။
အိမ်က မိန်းမ အိမ်က မိန်းမ…
အိမ်ပြန် မျက်နှာပန်းလှပြီပေါ့ကွာ ဟားဟား
နောက်နေ့များမှာလည်း ဘယ်လိုစိတ်ဝင်စားစရာတွေ တင်ပေးဦးမလဲဆိုတာ စောင့်မျှော် ဖတ်ရှုပါဦးနော်…။
ကျေးဇူးတင်ပါသည်။
#LJY_MUE
